Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၂

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာအမျိုးသားလက်ရွေးစင် (ဂိုးသမား) သီဟစည်သူ တို့ကို Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေး သည်။

     ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့တွင် ကိုဗစ်ကာလအတွင်း ဘောလုံးပွဲများကျင်းပရေးနှင့်ပတ်သက်ပြီး ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဘောလုံးပွဲများကို စိတ်ဝင်စားကြပါကြောင်း၊ ဘောလုံးပရိတ်သတ်များဖြစ်ကြသည့်အတွက် ဘောလုံးပွဲများ ကျင်းပမည့်အချိန်၊ ဘောလုံးပွဲများ အခြေအနေနှင့် ဘောလုံးအားကစားသမားများ၏ အခြေအနေကို သိရှိလိုကြမည် ဖြစ်ပါကြောင်း။

     ကျန်းမာရန်အတွက် အစားသောက်၊ အနေအထိုင်သည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် အစားအစာများကို စားသောက်ရမည်ဖြစ်ပြီး ကိုယ်လက် လှုပ်ရှားမှုကိုလည်း လုံလုံ လောက်လောက် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုအပ်ပါ ကြောင်း၊ အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု မှန်ကန်ပါက လူတစ်ဦးတစ်ယောက် အတွက် ယျေဘုယျ ကျန်းမာရေးကောင်းသည်ဟု ပြော၍ ရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး နှင့် အားကစားနှစ်ခုကို တွဲထားခြင်းဖြစ်ပါကြောင်း။

     အားကစားလောကအပေါ် ကိုဗစ်၏ ဆိုးကျိုးသက်ရောက်မှု အခြေအနေနှင့် ဆိုးကျိုးများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးရန် ဆောင်ရွက်နေမှုများကို ရှင်းပြစေလိုပါ ကြောင်း၊ ရုရှားနိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေ့ရှိသည်ဟု ယနေ့ သတင်းစာထဲတွင် ဖတ်ရှုရပါကြောင်း၊ သေချာမှု ရှိ၊ မရှိ မသိရသေးပါကြောင်း၊ သေချာပါက မိမိတို့ပြည်သူ များအတွက် ကာကွယ်ဆေး အမြန်ဆုံးရရှိအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခု ကြားကာလတွင် သည်းခံပြီး စည်းကမ်းထိန်းသိမ်းကြစေလိုပါကြောင်း၊ ကိုဗစ်ကို မပေါ့ဆကြဘဲ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို ဆက်လက်စောင့်ထိန်းကြစေလိုပါ ကြောင်း၊ ထိုသို့ စောင့်ထိန်းပါက ကျန်းမာရေးပြဿနာများကို ကျော်လွှားသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကုသမှုအပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုသည် အလွန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် မကူးစက်သည့် ရောဂါများကို ကာကွယ်ရာတွင်လည်းကောင်း၊ ရောဂါပြင်းထန်မှုများကို လျော့နည်း အောင် ဆောင်ရွက်ရာတွင်လည်းကောင်း ကိုယ်လက်လှုပ်ရှားမှုသည် အရေးကြီး ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အားကစားပုံမှန်လုပ်ခြင်းအားဖြင့် ကုသမှုအပိုင်းတွင် များစွာ အကျိုးရှိသည်ကို တင်ပြလိုပါကြောင်း။

     ဗဟိုကော်မတီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကို ဇန်နဝါရီလဆန်းကတည်းက ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါပိုးတွေ့ရှိသည့် ၁၉၅ နိုင်ငံမြောက် ဖြစ်ခဲ့ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပြီးနောက် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်နှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ တားမြစ်ချက်၊ အမိန့်ကြော်ငြာစာနှင့် ပြည်သူများထံ ပန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပြီး ပြည်သူများလိုက်နာနိုင်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

     ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းများကို အချိန်တို အတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ ထိန်းချုပ်ရာတွင် မိမိတို့ ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်းများကြောင့် လူမှုစီးပွားလုပ်ငန်းများအပေါ် သက်ရောက်မှု အနည်း၊ အများ ရှိခဲ့ပါကြောင်း၊ ထိန်းချုပ်မှုများ ပိုမိုအားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း လူမှုစီးပွားအပေါ် သက်ရောက်မှုများ လျော့နည်းလာအောင် ထိန်းချုပ်မှုများကို သတိ ကြီးစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့ပေးခဲ့ပါကြောင်း။

     အချို့နိုင်ငံများတွင် ထိုသို့ ဖြေလျှော့ပေးချိန်၌ ကိုဗစ်ရောဂါသည် ပြန်လည်ကူး စက်မှုရှိလာပြီး Second Wave ပြန်လည် ဖြစ်ပေါ်ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် တားမြစ်ချက်၊ ကန့်သတ်ချက်များ ပြန်လုပ်ရသည်များလည်း ရှိပါကြောင်း၊ ထိုသို့ မဖြစ် စေရေးအတွက် ပြန်လည်ဖြေလျှော့ရာတွင် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဆောင်ရွက် ခဲ့ပါကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းများအလိုက် လိုက်နာရမည် SoP များ၊ နည်းလမ်းများ၊ လမ်းညွှန်ချက်များကို စနစ်တကျရယူပြီး စစ်ဆေးရေးအဖွဲ့များဖြင့် စနစ် တကျ စစ်ဆေးပေးပါကြောင်း၊ ဆန်းစစ်ချက်များနှင့်ပြည့်မီသည့် လုပ်ငန်းများကို အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ပေးခဲ့ပါကြောင်း၊ ဖွင့်လှစ်ပြီး ချိန်တွင်လည်း သတ်မှတ် ချက်များအတိုင်း ဆက်လက်လိုက်နာမှုရှိအောင် လိုအပ်သည့် ပုံမှန်စစ်ဆေးမှုများ၊ ရှောင်တခင်စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက် နေခြင်းသည် ပြန်လည်ဖြေလျှော့ပေးချိန်တွင် ကိုဗစ်-၁၉ရောဂါ ပြန်လည်ခေါင်းမထောင် လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

     မြန်မာနိုင်ငံတွင် ဘောလုံးအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်ရှိသည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၊ သုဝဏ္ဏအားကစားကွင်း၊ ရန်ကုန်ဘောလုံး အကယ်ဒမီ စသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ လိုအပ်သည့် SoP များ၊ Guide Lines များကို ရေးဆွဲ၍ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ် ခဲ့ပါကြောင်း၊ တင်ပြထားသည့် ဘောလုံးအားကစားပြိုင်ပွဲများထဲမှ Myanmar National League ဘောလုံးပြိုင်ပွဲကို ပထမအဆင့် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ခွင်ပြုနိုင်ရန် အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးခဲ့ပါ ကြောင်း၊ သတ်မှတ်ချက်များအတိုင်း ကျေနပ်ဖွယ်ရာ ရှိအောင်ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း။

     ဘောလုံးအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရာတွင် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိစေရန် စနစ်တကျ ရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ Myanmar National League ပြိုင်ပွဲများ ကျင်းပသည့်အခါ အိမ်ကွင်း အဝေးကွင်းများဖြင့် မယှဉ်ပြိုင်ဘဲ ရန်ကုန်မြို့၌ ပရိတ်သတ်မပါဘဲ ကျင်းပရန်နှင့် ကျင်းပရာတွင်လည်း အားကစားသမား များ၊ ဒိုင်လူကြီးများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးကို ပြိုင်ပွဲအစမှ အဆုံးထိ Camp သွင်းပြီး ဘောလုံးပွဲတစ်လျှောက်ထားရှိကာ ယှဉ်ပြိုင်သွားကြရန် စီစဉ်ထားပါကြောင်း၊ Camp သွင်းရာတွင်လည်း တစ်ဦးနှင့်တစ်ဦး ကူးစက်မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပါကြောင်း၊ လူ ၃၀၀ ကျော် စစ်ဆေးပြီးဖြစ်ပါကြောင်းနှင့် တစ်ဦးမှ ရောဂါပိုးမတွေ့ရှိပါကြောင်း၊ ထို့ကြောင့် Myanmar National League ပြိုင်ပွဲကို မကြာခင် စတင်နိုင်မည်ဖြစ်ပါကြောင်း။

     အောင်ပွဲခံသည့်အခါတွင် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ခြင်း၊ မိတ်ဆက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားပြီး ယင်းအတိုင်း လိုက်နာခြင်း ရှိ၊ မရှိ၊ ဘောလုံးကွင်း အတွင်းနှင့် လေ့ကျင့်ခန်းလုပ်သည့် အချိန်တွင် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်မှု ရှိ/မရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပါကြောင်း။

     Myanmar National League ပြိုင်ပွဲ၏ အောင်မြင်မှုအပေါ် မူတည်ပြီး တင်ပြ ထားသည့် ဘောလုံးပြိုင်ပွဲများကို ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ အခြားအားကစားပြိုင်ပွဲများ ကိုလည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တင်ပြ လာပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စနစ်တကျ စစ်ဆေးပြီး အားကစား ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

     ဆက်လက်၍ မြန်မာအမျိုးသားလက်ရွေးစင်(ဂိုးသမား) သီဟစည်သူက ဘောလုံး အားကစားသမားအများစုသည် ဆင်းရဲသည့် မိသားစုများမှ မွေးဖွားလာကြပြီး ငယ်စဉ်ကပင် ဘောလုံးကို ရူးသွပ်စွာ ကစားခဲ့ကာ ဘဝကို ဘောလုံးကစားရင်း ကုန်ဆုံးကြပါ ကြောင်း၊ ဘောလုံးကစားခြင်းဖြင့် ဘဝကို ရပ်တည်ကြပါကြောင်း၊ ဘောလုံးကစား၍ ရရှိသည့်လစာဖြင့် မိသားစုများကို ထောက်ပံ့နေပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပရော် ဖက်ရှင်နယ်လိဂ်အဖြစ် ပြောင်းလဲခဲ့ပြီး ဘောလုံးလောကသားများအားလုံး ဝင်ငွေကောင်း ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာသည့်အတွက် အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုများရှိခဲ့ပါကြောင်း။

     မိမိတို့အနေဖြင့် အမြဲထိတွေ့နေသည့် ဘောလုံးအားကစားကို ကိုဗစ်-၁၉ ကြောင့် ၄ လ၊ ၅ လ ခန့် အဆက်ပြတ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကြံ့ခိုင်မှုများ၊ စိတ်ဓာတ်ပိုင်း ကျဆင်းမှုများ ရှိလာပါကြောင်း၊ ကိုယ်ပိုင်လေ့ကျင့်ခန်းများ ပြုလုပ်ကြပါကြောင်း၊ သို့သော် အသင်းအဖွဲ့နှင့် လေ့ကျင့်ခွင့်၊ အတူတကွ ပြိုင်ပွဲဝင်ခွင့်ကို ပို၍မျှော်လင့်မိ ပါကြောင်း၊ ဘောလုံးအသင်းပိုင်ရှင်များက ဘောလုံးအားကစားသမားများကို ငွေကြေးန်ကျမှု များစွာအကုန်အကျခံပြီး ပံ့ပိုးပေးနေရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး အခက်အခဲများစွာရှိသည့်ကြားက ဘောလုံးအားကစားသမားများ အဆင်ပြေအောင် ကူညီပေးနေပါကြောင်း၊ အသင်းပိုင်ရှင်များကိုလည်း ဘောလုံး သမားများအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဘောလုံးပွဲများ ရပ်နားထားသည့်အချိန်တွင် အသင်းပိုင်ရှင်များကို ကျေးဇူးဆပ်သည့် အနေဖြင့် မိမိတို့ရရှိသည့် လစာများကိုလျှော့ယူခဲ့ပါကြောင်း၊ လစာလျှော့ယူသည့် အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်မှုအနည်းနှင့်အများ ရှိလာပါကြောင်း၊ လစာ နည်းသည့် အားကစားသမားများက ပို၍ထိခိုက်မှုရှိပါကြောင်း၊ ဘောလုံးအားကစား သမားများအနေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ အသင်းများနှင့် စာချုပ် ချုပ်ဆိုရ ပါကြောင်း၊ စာချုပ်အရ ဘောလုံးကစားခြင်း ရပ်နားထားလျှင်လည်း ကြုံရာကျပန်း လုပ်ငန်းများ လုပ်ဆောင်၍ မရပါကြောင်း၊ Myanmar National League တွင် ဘောလုံးသမားများအပြင် အုပ်ချုပ်သူ၊ နည်းပြနှင့် ဘောလုံးလောကသား စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့် ပါဝင်ပတ်သက်နေပြီး အပျော်တမ်းကစားနေသည့် ဘောလုံးလောက သားများမှာ စုစုပေါင်းလူဦးရေ ၅၀၀၀၀ ခန့်ရှိပါ ကြောင်း။

     ကစားသမားများသည် ပြိုင်ပွဲဝင်ရန်အတွက် ကြံ့ခိုင်မှုနှင့် အသင်းနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် အနည်းဆုံး ၃ ပတ်မှ ၁ လအထိ အသင်းနှင့်လေ့ကျင့်ခန်းများ၊ ကိုယ်ပိုင် လေ့ကျင့်ခန်းများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်မှသာ ပြိုင်ပွဲများကို ပြင်းပြင်းထန်ထန် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး စွမ်းဆောင်ရည်များကို အစွမ်းကုန်ပြသ နိုင်မည် ဖြစ်ပါကြောင်း၊ အခုအချိန်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ၄ လ၊ ၅လ ခန့် ပြိုင်ပွဲများ ရပ်နားသွားသည့်အတွက် ဘောလုံးအားကစားသမားများ ခက်ခဲနေသည့် အချိန် ဖြစ်ပါကြောင်း။

     ရပ်နားထားသည့် Myanmar National League အမြန်ဆုံး ပြန်လည်ကျင်းပ နိုင်ရန် နည်းပြများ၊ အားကစားသမားများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များကို လိုက်နာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ စနစ်တကျ နေထိုင်လျက် ရှိပါကြောင်း၊ Swab စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရန် ညွှန်ကြားထားသည့်အတိုင်း စနစ်တကျ လိုက်နာမည် ဖြစ်ပါကြောင်း၊ ဘောလုံးလောကသားများအားလုံး မည်သူမျှ ကိုဗစ်ရောဂါ မကူးစက်အောင် နေထိုင်ဆောင်ရွက်ပါမည်ဟု မိမိအနေဖြင့် ကတိပြုပါကြောင်း၊ ပြည်တွင်းပြိုင်ပွဲများကို အမြန်ဆုံးကစားခွင့်ပြုနိုင်ရန် ဘောလုံးလောကသားများကိုယ်စား လေးစားစွာ တင်ပြအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

     ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Myanmar National League နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကျင်းပသည့် အပိုင်း (၂)ပိုင်း ရှိပါကြောင်း၊ Myanmar National League ကို Professional League အဖြစ် ၂၀၀၉ ခုနှစ်တွင် ပြောင်းလဲလိုက်ပါကြောင်း၊ ထို့ကြောင့် မြန်မာဘောလုံးအားကစားသမားများ သာမက နိုင်ငံတကာ အားကစားသမားများနှင့်ပါ စာချုပ်ချုပ်ဆိုရပါကြောင်း၊ စာချုပ်ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့၏ ဥပဒေသများအောက်တွင် လိုက်နာ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် မြို့များကို အခြေခံ၍ ကလပ် များကို ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက် စသည်ဖြင့် ရှိပါကြောင်း၊ ယင်းအသင်းများ၏ အောင်မြင်မှုသည် မိမိတို့ နိုင်ငံကို မြှင့်တင်ပေးသည့် သဘောမျိုးဖြစ်ပါကြောင်း။

     ပြည်တွင်းပြိုင်ပွဲများသာမက ကလပ်များတွင် လိဂ် (၁)နှင့် လိဂ် (၂) နှစ်မျိုးရှိပါ ကြောင်း၊ လိဂ် (၁)တွင် (၁၂)သင်းရှိပြီး လိဂ်(၂)တွင် (၈)သင်းရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ အနေအထားနှင့် စီးပွားရေးအရ အသင်းကိုလျှော့၍ ဆောင်ရွက်ရပါကြောင်း၊ ပြည့်စုံသည့် နိုင်ငံများတွင် အသင်း(၂၀)၊ (၂၂)သင်း ရှိပါကြောင်း၊ (၂)သင်းတက် (၂)သင်းဆင်း ဖြစ်သည့်အတွက် ပြိုင်ပွဲကျင်းပသည့်အခါ ပြိုင်ပွဲ၏ရာသီချိန်အတွင်း ကျင်းပနိုင်မှ အဆင်ပြေမည်ဖြစ်ပါကြောင်း။

     လက်ရွေးစင်ဘောလုံးအသင်းကို ယင်းလိဂ်ကပင် ရွေးချယ်ရပါကြောင်း၊ မိမိတို့၏ လိဂ်ကို အာရှဘောလုံးအဖွဲ့ချုပ်က ထောက်ပံ့သည့်အပြင် ၎င်းတို့၏ သတ်မှတ် စံချိန်စံညွှန်းနှင့်ညီသည့်အတွက် နိုင်သည့်အသင်း (၂)သင်းသည် Asian Champion League ကို ကစားခွင့်ရသည့် အပြင် AFC Cup ကိုလည်း ကစားခွင့်ရပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်တွင်းကလပ်ပြိုင်ပွဲသည် အပျော်တမ်းမဟုတ်ဘဲ နိုင်ငံတကာ အဆင့်သို့ ပြောင်း၍ကစားသည့်အတွက် မိမိတို့၏ ဘောလုံးသမားများ၏ ဘဝလုံခြုံမှု ကောင်းလာသကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပါ ကြောင်း။

     မိမိတို့အနေဖြင့် နှစ်စဉ် ပြိုင်ပွဲပြက္ခဒိန် ရှိပါကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာ ဆိုလျှင် ပြိုင်ပွဲပြန်လည်စတင်ရန် ပြက္ခဒိန်ကို ရေးဆွဲထားပါကြောင်း၊ မတ်လ(၂၀) ရက်တွင် ပြိုင်ပွဲများ ရပ်နားလိုက်ပါကြောင်း၊ ဇူလိုင် ၁၅ ရက်တွင် ပြိုင်ပွဲပြန်လည် ကျင်းပနိုင်ရန် စတင်ပြင်ဆင်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လာရောက် ကြည့်ရှုခဲ့ပါကြောင်း၊ အဆောင်များ၊ အကယ်ဒမီများ၊ သင်တန်းကျောင်းများကို COVID Quarantine Center အဖြစ်ပြောင်းလဲခဲ့ပြီး ယနေ့အထိ လူ(၃၀၀၀)ခန့် Camp တွင် ထားရှိပြီး ကျွေးမွေးထားပါကြောင်း၊ မိမိတို့အနေဖြင့် AFC Cup နှင့် ACL တွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် လက်ရှိ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် အသင်း တို့ကို အနည်းဆုံး ပြိုင်ပွဲလျှော့၍ ကျင်းပမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ခွင့်ပြုပြီးဖြစ်သည့်အတွက် ဝမ်းသာပါကြောင်း၊ ယင်းအပေါ်တွင် မူတည်၍ ပြိုင်ပွဲကို အမြန်ဆုံးကျင်းပခွင့်ရမည်ဆိုပါက ဩဂုတ် ၂၂ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အောက်တိုဘာတွင် ပြီးစီးသွားပါက တချိန်တည်းတွင် လက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှုကိုပါ ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

     လိဂ်(၁)က ကလပ်နှစ်သင်းသည် လက်ရှိစီးပွားရေးအခြေအနေအရ ရပ်တည်ရန် ခက်ခဲသည့်အတွက် ဖျက်သိမ်းလိုက်ရပါကြောင်း၊ လက်ရှိတွင် လိဂ်(၁)၌ (၁၀)သင်းသာ ကျန်ရှိပါကြောင်း၊ အသင်း ပိုင်ရှင်များ အနေဖြင့် ဘောလုံးလောက တိုးတက်ရန် ၎င်းတို့၏ ငွေကြေးများ စိုက်ထုတ်၍ ဆောင်ရွက်ပေးနေသကဲ့သို့ မြန်မာနေရှင်နယ်လိဂ်အတွက် MPT ကလည်း စပွန်ဆာပေးပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ကို လုံးဝမသုံးစွဲဘဲ ရပ်တည်ခဲ့သည်မှာ (၁၅)နှစ်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ ဘောလုံး အားကစား တိုးတက်ရေးအတွက် ငွေကြေးစိုက်ထုတ် ကြိုးစားလုပ်ဆောင်နေပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ယခုထက်ပို၍ ကူညီပံ့ပိုးပေးစေလိုပါ ကြောင်း၊ နိုင်ငံတော်အပိုင်းအနေဖြင့်လည်း အသင်းများရပ်တည်ရန် အခက်အခဲများကို ကူညီစေလိုပါကြောင်း၊ ပြိုင်ပွဲများ ပြန်စ၍ ရမည့်အချိန်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပါ ကြောင်း။

      ပြိုင်ပွဲများအားလုံးသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့် ဆက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် အာရှဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်အစည်းအဝေးကိုလည်း Video Conference ဖြင့် ကျင်းပပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအခြေအနေမတူ ညီသည့်အတွက် နိုင်ငံတကာ ပြိုင်ပွဲများ၏ ပြက္ခဒိန်ကို ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံထား ပါကြောင်း၊ ပြိုင်ပွဲများ၏ ပြက္ခဒိန်ကို တစ်နိုင်ငံတည်း ရေးဆွဲ၍ မရပါကြောင်း၊ အားလုံးညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

     နိုင်ငံတကာပြိုင်ပွဲများတင်မက အမျိုးသမီးလိဂ်ကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်ကျင်းပနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖူဆယ်နှင့် သက်တမ်း အလိုက် ပွဲများလည်း ရှိပါကြောင်း၊ ထို့ကြောင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို မိမိတို့ ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နေဖြင့် စနစ်တကျဖြင့် ဒီဇင်ဘာလအထိ Plan ပေးထားလိုပါကြောင်း၊ ယင်းအပေါ် တွင် စဉ်းစား၍ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

      ပရိသတ်မရှိသော်လည်း မိမိတို့၏ ပြိုင်ပွဲများကို MRTV အနေဖြင့် ပြသပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အကယ်ဒမီကျောင်းများတွင် ကျောင်းအိပ်၊ ကျောင်းစား အဖြစ် (၁၂)နှစ်သားကတည်းက မွေးထားပြီး အတန်းပညာနှင့် ဘောလုံးပညာသင်ကြား ပေးပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အဆောင်နေ ကစား သမားများကို ခွင့်ပြုပြီဆိုပါက ကလေးများကိုခေါ်ယူ ကစား၍ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ စပွန်ဆာများအနေဖြင့်လည်း တစ်နိုင်ငံလုံးတွင်သာမက တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် စီးပွားရေးကျဆင်းသည့်အတွက် စာချုပ်များအပေါ်တွင် ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း ချလာခြင်းများ ရှိပါကြောင်း၊ ယန္တရားလည်ပတ်ရန် နိုင်ငံတော်ဘတ်ဂျက်ဖြင့် သွားခြင်းမဟုတ်ပါကြောင်း၊ ဝင်ငွေအပေါ်တွင် မူတည်၍ ဆောင်ရွက်ရသောကြောင့် အားလုံး ပြန်လည်သုံးသပ်၍ အသုံးစရိတ်များနှင့် ပွဲစဉ်များကိုလည်း လျှော့ချရပါကြောင်း၊ ယင်းတို့မှာ အကျပ်တည်းဆုံး အခက်အခဲဖြစ်ပါကြောင်း။

     ကိုဗစ်နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံး အတိုင်းအတာတွင် အာဆီယံအနေဖြင့် မိမိတို့အနေအထားသည် အကောင်းဆုံးဖြစ်ပါကြောင်း၊ ယင်းမှာ နိုင်ငံတော်အကြီးအကဲ များ၏ ကြိုးစားဆောင်ရွက်မှု၊ ပြည်သူပြည်သားများ၏ စည်းကမ်းလိုက်နာမှု တို့ကြောင့် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည်ခွင့်ပြု၍ ကျင်းပမည့် ပြိုင်ပွဲများသည် ကမ္ဘာ၊ အာရှတို့နှင့် ဆက်စပ်ပြီး ဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် စနစ်တကျ ပြင်ဆင်၍ မိမိတို့ဘက်မှ ညွှန်ကြားချက်များကို ၎င်းတို့ဆီပေးပို့ကာ အားကစားပြိုင်ပွဲပြက္ခဒိန်ကို ပြန်လည်ညှိရသည့် အပိုင်းရှိပါကြောင်း။

     ကျောင်းများတွင် အားကစားပြိုင်ပွဲ မရှိဘဲ နိုင်ငံအဆင့် ချန်ပီယံ ဖြစ်ခဲ့သည့် အကောင်းဆုံး အခြေအနေမျိုး ပြန်ရောက်ရန် မည်သို့မှ မဖြစ်နိုင်သည့် အတွက် အခြေခံ အသက် (၆)နှစ်၊ (၈)နှစ်၊ (၁၀) နှစ်အရွယ်ကနေ ကစားခြင်းကို နိုင်ငံတော်အနေဖြင့် လာမည့်နှစ် ဘတ်ဂျက်ဆွဲသည့်အခါတွင် ထည့်သွင်းစဉ်းစား၍ ကူညီပံ့ပိုး ပေးစေလို ပါကြောင်း၊ အားကာသိပ္ပံများတွင်လည်း ဘောလုံးအားကစားကို ဆက်လက်ထည့်သွင်း ပေးစေလိုပါကြောင်း ပြောကြားသည်။

     မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ပြန်လည် ဆွေးနွေးရာတွင် စာသင်ကျောင်းများမှ စတင်၍ အားကစားပြိုင်ပွဲများ ပြုလုပ်နိုင်ရန် စီစဉ်ထားမှုများ ရှိပါကြောင်း၊ ကိုဗစ်ကာလ ပြီးသည့်အချိန်တွင် ယခင်ကကဲ့သို့ ကျောင်းအားကစား ပြိုင်ပွဲများကို ပြန်လည်ကျင်းပရန် စီစဉ်မည်ဖြစ်ပါကြောင်း၊ အားကာသိပ္ပံများတွင် ဘောလုံးအားကစား ဆက်လက်ထားရှိရေး ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ရေရှည်အစီအစဉ်တွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ဗဟိုကော်မတီတွင် ဆွေးနွေးပြီး ဘော်ဒါဆောင်များနှင့် ကျောင်းများပြန်လည် ဖွင့်လှစ်ခွင့်ရချိန်တွင် အကယ်ဒမီသိပ္ပံကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 

     ရုရှားက ကိုဗစ်ကာကွယ်ဆေး စတင်တွေ့ရှိသည်ဟု သိရပါကြောင်း၊ WHO က အရည်သွေးပြည့်မီ၊ မမီ ရုရှားမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု သိရပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် WHO နှင့် ဆွေးနွေး ထားသည်များ ရှိပါကြောင်း၊ WHO သည် ကိုဗစ်ကာကွယ်ဆေး တရားဝင်ရရှိပါက ဝင်ငွေနည်းသည့် နိုင်ငံများနှင့် အလယ်အလတ်ရှိသည့် နိုင်ငံများပါ မကျန်ရှိစေရေး အတွက် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံပေါင်းစုံ ရရှိရေးအတွက် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေသည့် ဝန်ထမ်းများကို ဦးစားပေးပြီး ရရှိရန်အတွက် စီစဉ်ထားပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် တစ်ဆင့်ချင်း စနစ်တကျ သတိကြီးစွာ ဖြေလျှော့မှု လုပ်ဆောင်ပေးနေပါကြောင်း၊ ပြည်သူလူထုကလည်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပေးထားသည့် တစ်ဦးချင်းလိုက်နာရမည့် စည်းကမ်းများကို ပို၍လိုက်နာခြင်းအားဖြင့် ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

     ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဘောလုံးသမားများကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ကစားစေလိုပါကြောင်း၊ ထို့အတူ နိုင်ငံကိုလည်း ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်လည်ပတ်စေလိုပါကြောင်း၊ ကာကွယ်ဆေးရပြီဆိုသည့် သတင်းကိုလည်း သေချာစိစစ်ရဦးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကိစ္စများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိတ်ချရပြီဆိုပါက ဘောလုံးအားကစား ပြိုင်ပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် ဆောင်ရွက်ပေးစေလို ပါကြောင်း။

     ဘောလုံးအားကစားသမားများ ၄ လ၊ ၅ လ ခန့် လေ့ကျင့်မှုမရှိသည့်အခါ အနည်းငယ်စွမ်းရည်ကျလာမှုအပေါ် ကျန်းမာရေးဘက်မှ မည်သို့အကူအညီပေးနိုင် မည်ကို သိရှိလိုပါကြောင်း၊ ယခုအခါ Quarantine ဝင်နေချိန်တွင် စနစ်တကျ အထူး လေ့ကျင့်ခန်းများနှင့် စွမ်းရည်ပြန်တက်လာစေရန် အစားအသောက်၊ အနေအထိုင်ကို စနစ်တကျ ဆောင်ရွက်ပေးရန် လွယ်ကူနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကူညီသကဲ့သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အစိုးရကို ကိုယ်စားပြု၍ တတ်နိုင်သည့်ဘက်မှ ကူညီပေးစေလိုပါကြောင်း၊ အားကစားလောက အောင်မြင်ခြင်း သည် နိုင်ငံ၏အောင်မြင်ခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ တစ်ချိန်က မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် အာရှ၌ ထိပ်တန်းဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန် အထိ သတိရနေပါကြောင်း၊ ထိုသို့ ပြန်လည် ဖြစ်စေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း။

     အခြေခံအားဖြင့် ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဘောလုံးသမားများသည် ပထမပိုင်းတွင် အင်တိုက်အားတိုက်ကစားပြီး ဒုတိယ ပိုင်းတွင် ကစားအားကျသွားခြင်းမှာ ငယ်စဉ်ကတည်းက အာဟာရမပြည့်ဝခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ အသက်ကြီးမှ ပြန်ပြင်ရန် ခက်ခဲပါကြောင်း၊ မွေးကတည်းက စနစ်တကျ အာဟာရပြည့်ဝစွာ စားခဲ့ရသူများနှင့် မွေးကတည်းက အာဟာရပြည့်ဝစွာ မစားခဲ့ရသည့် သူများသည် ရေရှည်ခံနိုင်ရည်ရှိမှုခြင်း မတူပါကြောင်း၊ ကမ္ဘာ့အဆင့် အတန်းမီရန် များစွာ ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဘက်က ကြိုးစား သကဲ့သို့ အားကစားဘက် ကလည်း ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပြီး အရေးကြီးပါကြောင်း၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်ပါက အမှန်တကယ် အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း။

     တချို့အားကစားများကို တစ်ဦးတည်း လုပ်ဆောင်၍ ရသည်ဟု တစ်ချို့က ထင်ကြပါကြောင်း၊ ဥပမာ- ရေကူးချန်ပီယံတစ်ဦးသည် တစ်ဦးချင်းပြိုင်ပွဲများဖြစ်သည့် အတွက် ၎င်းတစ်ဦးတည်း အနိုင်ရ သွားပါကြောင်း၊ ထိုသို့ အနိုင်ရရှိရန်အတွက် ၎င်းအား လေ့ကျင့် ပြုစုပျိုးထောင်လာသည့်တစ်လျှောက်တွင် တစ်ခြားသူများပါလာသည်ကို မေ့၍ မရပါကြောင်း၊ ၎င်းအား ပြုစုပျိုးထောင်ပေးခဲ့သည့် မိသားစု၊ သင်ကြားပေးသည့် နည်းပြ ဆရာများ အဆင့်ဆင့်ရှိပါကြောင်း၊ မည်သူမှတစ်ဦးတည်း တတ်လာခြင်း မရှိပါကြောင်း၊ ဘေးတွင် ပတ်ဝန်းကျင်၊ အစုအဖွဲ့နှင့် ဝန်းရံထားသည့်သူများ ရှိပါကြောင်း၊ ယင်းအချက် သည် များစွာအရေးကြီးပါကြောင်း၊ ဘောလုံးလောကသည် ယင်းအချက်ကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ပြသနေသည့်အတွက် များစွာသဘောကျပါကြောင်း၊ ဝါသနာအပြင် စိတ်ဓာတ်ရေးရာအရ ပူးပေါင်းဆောင်ရွက်ခြင်းသည် ဘောလုံးကစားခြင်း အတွက် များစွာအရေးကြီးပါကြောင်း။

     ဘောလုံးသမားများကို လူငယ်များအတွက် စံပြဖြစ်စေလိုပါကြောင်း၊ အရာရာတွင် စံပြဖြစ်ရမည်ဟု ပြောခြင်း မဟုတ်ပါကြောင်း၊ ဘောလုံးသမားများပေးနိုင်သည့် စံပြသည် အစုအဖွဲ့နှင့် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ မိမိအရည်အချင်း တက်ရန်အတွက် မိမိ၏ ရဲဘော်ရဲဘက်များကို အားကိုးရ သကဲ့သို့ မိမိကလည်း မိမိ၏ရဲဘော်ရဲဘက်များ အရည်အချင်းတက်ရန် ဝိုင်းဝန်းပံ့ပိုး ရပါကြောင်း၊ ယင်းကိုပြသနိုင်ခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာကောင်းပါကြောင်း၊ ထွန်းသစ်စနိုင်ငံ၊ ဖွံ့ဖြိုးမှုကို စတင်သည့် နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ဆိုလျှင် ယင်းစိတ်ဓာတ်နှင့် အလေ့အကျင့်သည် များစွာကောင်းပါကြောင်း၊ ဘောလုံးသမားများ လစာလျှော့ယူနေခြင်းသည် မိမိကို ကူညီနေသူများ၊ အသင်းကို ပံ့ပိုးပေးသူများ သက်သာစေရန်အတွက် ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်သည် များစွာကောင်းသည့် စိတ်ဓာတ်ဖြစ်ပါကြောင်း၊ အားလုံးစုပေါင်းပြီး အင်အားတစ်ခု တည်ဆောက်၍ရကြောင်း ပြသခြင်းသည် များစွာကောင်းပါကြောင်း၊ ယင်းမှာ ဘောလုံးသမားကောင်း၏ စိတ်ဓာတ် ဖြစ်ပါကြောင်း။

     ဘောလုံးသမားကောင်း၏ စိတ်ဓာတ်မှာ အသင်းအဖွဲ့ကောင်းတစ်ခု၏ စိတ်ဓာတ် ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့ကောင်းတစ်ခု၏ စိတ်ဓာတ်သည် နိုင်ငံတစ်ခု၏ စိတ်ဓာတ် ဖြစ်သင့်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးသည် အသင်းအဖွဲ့ကောင်းတစ်ခု စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏တိုးတက်မှုသည် စိတ်ချရပါကြောင်း၊ Myanmar National League ပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်ထားမှုများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့် ကိုက်ညီသကဲ့သို့ တစ်နိုင်ငံလုံး၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီပါကြောင်း၊ ထို့ကြောင့် Myanmar National League ပြိုင်ပွဲများ ပြန်လည် ကျင်းပနိုင်မည်ဆိုသည့် အတွက် ဝမ်းသာပါကြောင်း ပြန်လည်ဆွေးနွေး သုံးသပ်ပြောကြားသည်။

     ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်စကားပြောကြားရာတွင် ဘောလုံးအားကစားကို အားကစားအနေဖြင့်သာမက စိတ်ဓာတ်ရေးရာအနေဖြင့်ပါ များစွာအား ပေးလိုပါကြောင်း၊ ကျောင်းများမှစတင်၍ ဘောလုံးအားကစားကို အားပေးရ မည်ဖြစ်ပါကြောင်း၊ မြို့တိုင်းတွင် ဘောလုံးကွင်းရှိသည်ဆိုသည့် အခြေအနေဖြစ်စေရန် ကြိုးစားပေးကြရန် ပြောကြားထားပါကြောင်း၊ လုပ်ငန်းရှင်များ ထောက်ပံ့နိုင်ရန်မှာ ၎င်းတို့အနေဖြင့်လည်း စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်သည်နှင့်အမျှ အားကစားသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကိုဗစ်နှင့်ပတ်သက်၍ ဘောလုံးအားကစား အစီအစဉ်များ ရေးဆွဲတင်ပြထားသည်မှာ ကောင်းမွန်ပါကြောင်း၊ ကိုဗစ်နှင့်ပတ်သက်ပြီး ဗဟိုကော်မတီက (၁၅)ရက်တစ်ကြိမ် တွေ့ဆုံ၍ မည်သို့ဖြေလျှော့ပေးနိုင်မည်ကို ဆွေးနွေးကြပါကြောင်း။

     အကယ်ဒမီများကိစ္စကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပါကြောင်း၊ ဘော်ဒါ ဆောင်များကိစ္စလည်း စဉ်းစားရန် တင်ပြလာခြင်းရှိပါကြောင်း၊ ယင်း(၂)ခု သည် ဆက်စပ်နေပါကြောင်း၊ အခြေခံပညာ အထက်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည်မှာ ၁ လခန့် ရှိပြီဖြစ်ပါကြောင်း၊ ယင်းအပေါ်အခြေခံ၍ မည်သို့ဖြေလျှော့မှုများ ပြုလုပ်ပေးနိုင်မည်ကို စဉ်းစားနေပါကြောင်း၊ ဘောလုံးအားကစားလောက တစ်ခုတည်း သာမက တစ်နိုင်ငံလုံး ကို အမြန်ဆုံး ပုံမှန်ပြန်လည် ဖြစ်စေလိုပါကြောင်း၊ သို့သော် လုံခြုံသည့် နည်းလမ်းဖြင့် ဖြစ်စေလိုပါကြောင်း၊ တချို့နိုင်ငံများတွင် ပြည်သူများ၏ ဖိအားပေးမှုကြောင့် ဖြေလျှော့ ပေးမှု စောသည့်အတွက် ကိုဗစ်ဒုတိယလှိုင်း ဝင်လာပါကြောင်း၊ ထို့ကြောင့် စည်းကမ်း များကို ပြန်လည်တင်းကျပ်ရသည့်အတွက် နိုင်ငံ ပိုမိုနစ်နာပါကြောင်း၊ ယခုအချိန်တွင် ဘောလုံးပွဲများ ပြန်လည်စနိုင်မည်ဆိုပါက ပြည်သူများစိတ်ဓာတ်တက်ကြွလာမည်ဟု ယုံကြည်ပါကြောင်း၊ ရုပ်မြင်သံကြားတွင် ပြသရန် မခက်ခဲပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ဘောလုံးပွဲများ ကြည့်ခြင်းဖြင့် ပြည်သူများအတွက်လည်း များစွာ စိတ်ရွှင်လန်းစရာ ဖြစ်မည်ဖြစ်ပါကြောင်း။

     နိုင်ငံတော်အနေဖြင့် အဘက်ဘက်မှ လုပ်ပေးနိုင်သည်များကို ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ၊ ချမ်းသာသည့်နိုင်ငံ မဟုတ်သေးသော် လည်း စိတ်ဓာတ်အရ တတ်နိုင်သမျှ ပံ့ပိုးပေးရန် အဆင်သင့် ရှိသည့်အတွက် ပံ့ပိုးနိုင် မည်ဟုယုံကြည်ပါကြောင်း၊ ကိုဗစ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ ပြဿနာဖြစ်မည်ဟု ထင်မြင်ကြသူများ ရှိပါကြောင်း၊ ယခုအခါ ထင်မြင်သလို မဟုတ်သည်ကို လိုလိုလားလားဖြင့် ဝန်ခံသူများ ရှိပါကြောင်း၊ အရေးကြီးသည်မှာ ရရှိ ထားသည့် အောင်မြင်မှုကို အားကစားသမားစိတ်ဓာတ်ဖြင့် ဆက်လက်ထိန်းသိမ်းသွား ရန် လိုအပ်ပါကြောင်း။

     အားကစားသမားစိတ်ဓာတ်သည် နိုင်ရုံဖြင့် မပြီးပါကြောင်း၊ ရှုံးသည့်အခါ တွင်လည်း ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည် အနိုင်ယူနိုင်အောင် လုပ်ဆောင်နိုင်သည့် အင်အားကိုလည်း မွေးနိုင် ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားသမား စိတ်ဓာတ်ကို များစွာတန်ဖိုးထားပါကြောင်း၊ တန်ဖိုးထားသည့်အတိုင်း အားကစားသမား များကို ပြုစုပျိုးထောင်ပေးလိုပါကြောင်း။

     တစ်ကမ္ဘာလုံးတွင် လူအများဆုံး စိတ်ဝင်စားပြီး ဝိုင်းဝန်းထောက်ခံသည်မှာ ဘောလုံးအားကစားဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘောလုံးလောကကို တိုးတက် ဖွံ့ဖြိုးစေချင်ပါကြောင်း၊ ကိုဗစ်ကြောင့် ပြဿနာများ ရင်ဆိုင်နေရသည်ကို သဘောပေါက် နားလည်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ကူညီမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင်ရှိသည့် အရင်းအမြစ်များသည် ပြည်သူပြည်သားများ အတွက် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အဓိကမှာ ပြည်သူပြည်သားများဖြစ်ပါကြောင်း၊ နိုင်ငံ့အရင်း အမြစ်၊ နိုင်ငံ့ချမ်းသာမှုအားလုံးသည် ပြည်သူပြည်သားများ အတွက်ဖြစ်ပါကြောင်း၊ နိုင်ငံ ချမ်းသာ လာသည်နှင့်အမျှ ပြည်သူပြည်သားများ ချမ်းသာရန် နှင့် အားကစားသမားများ တိုးတက်ရန်အတွက် ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ ဘောလုံးလောက အမြန်ဆုံးပုံမှန်ဖြစ် သွားရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကိုလည်း အမြန်ဆုံးစတင်နိုင်ရန်နှင့် ရုပ်မြင်သံကြားတွင် ပြသနိုင်စေရန် တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး စီစဉ်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

More Tags