Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ (5-4-2020, 8:30 AM)

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၅) ရက်

     ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် (၈:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုများ အား လက်ခံခဲ့ပါသည်။


 

     ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်၊ ကမ္ဘောဇဘဏ်လီမိတက်မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်နှင့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က လှူဒါန်းရခြင်း အကြောင်းအရင်းများကို ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• အလှူရှင်များ ယခုလှူဒါန်းသည့် အသက်ရှူစက် (Ventilator) များ၊ လူနာအခြေအနေစောင့်ကြည့်စက် (Patient Monitor) များနှင့် အခြားဆေးနှင့် ဆေးပစ္စည်းကိရိယာများသည် ကျန်းမာရေးဝန်ထမ်းများ က လူနာများကို ပြုစုကုသရာတွင် ယခု COVID-19 လူနာများအတွက်သာမက နောင်ကာလများတွင် အထူးကြပ်မတ်ကုသဆောင်များ၌ ထားရှိကုသရမည့် အခြားလူနာများအတွက်လည်း များစွာ အကျိုး ပြုကာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊

• အဆိုပါစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ ဆရာဝန်များ၊ သူနာပြုများကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်၍ ရေတိုရေရှည်ကာလနှစ်ခုစလုံးအတွက် အကျိုးရှိမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေမည် ဖြစ်ပါကြောင်း၊

• လက်ခံရရှိသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို လိုအပ်သောနေရာများတွင် ထိရောက် အကျိုးရှိစွာ စနစ်တကျ သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ဆေးနှင့်ဆေးပစ္စည်းများ လုံလောက်စွာ အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းတို့က လှူဒါန်းမှုအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။


 

     အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် (၁၉၂) ဦး ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေ (၂၁၂,၃၂၅,၀၀၀)ကျပ် (ကျပ် နှစ်ထောင့်တစ်ရာ နှစ်ဆယ့်သုံးသိန်း နှစ်သောင်း ငါးထောင်)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ကျပ် (၂,၉၁၁,၅၇၅,၀၅၀) သိန်း (ကျပ် နှစ်သောင်း ကိုးထောင့် တစ်ရာ တစ်ဆယ့်ငါးသိန်း ခုနှစ်သိန်းငါးသောင်း ငါးထောင်) နှင့် US $ (၁၅,၀၀၀) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လက်ခံရရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ငွေကျပ် (၇၂၉,၅၀၂,၀၀၀) (ကျပ် ခုနှစ်ထောင့်နှစ်ရာ ကိုးဆယ့်ငါးသိန်းကျော်) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ Quarantine Center များတွင် အသုံးပြုရန်အတွက် အသုံးအဆောင် ပစ္စည်းများနှင့်စားသောက်ကုန်များ လက်ခံရရှိခဲ့ပါသည်။


 

 


 

 


 
 

More Tags