Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၂၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ Excellent Fortune Foundation နှင့် Excellent Fortune Development Group ၏ CEO, Chairman and Founder အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း နှင့် ဇနီး Senior Vice Chairman and Co-Founder အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ၊

Asia Development Bank မှ Public Health Specialist ဒေါက်တာကြည်သာနှင့်

Mega Lifesciences Ltd မှ President and Head Coach (Myanmar) Mr. Girish Wadhwa တို့က လှူဒါန်းရသည့် အကြောင်းအရင်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• ယခုလက်ရှိအချိန်၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ကူးစက်ဖြစ်ပွားနေမှုများသည် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်းအခြေအနေတစ်ခုဖြစ်ပြီး ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးဝါယမစိုက်ထုတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကူးစက်နေသူများ တရားမဝင် ဝင်ပေါက်များမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ကူးစက်ဝင်ရောက်မှုများ ထပ်မံမရှိစေရေးနှင့် ရခိုင်ပြည်နယ်မှ တစ်ဆင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေးသည် အထူးအရေးကြီးပြီး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကူးစက်နေသူများ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိကာ ရောဂါပျံ့နှံ့ကူးစက်ခြင်းမရှိစေရေး လုပ်ငန်းများကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အလှူရှင်များ၏ လှူဒါန်းမှုများအားကျေးဇူးတင်ရှိပါကြောင်း၊

• ယခုလှူဒါန်းသည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များအပါအဝင် လှူဒါန်းမှုအများစုကို ရခိုင်ပြည်နယ်သို့ ‌အဓိကပေးပို့သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     လှူဒါန်းမှု အခမ်းအနားတွင် -

• Excellent Fortune Foundation နှင့် Excellent Fortune Development Group ၏ CEO, Chairman and Founder အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း နှင့် ဇနီး Senior Vice Chairman and Co-Founder အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့က ငွေကျပ်သိန်း (၁,၀၀၀) နှင့် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (၃၀၀) စုံ၊ N95 (၃၀၀) ခု၊ Goggles (၁၀၀) ခု၊ ခြေအိတ်စွပ်ခုံ (၅) ခုနှင့် ခြေအိတ်စွတ် (၂၅၀) စုံ၊

• Asia Development Bank က အမေရိကန်ဒေါ်လာ (၁,၁၇၇,၆၉၀) တန်ဖိုးရှိ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံများ၊

• Mega Lifesciences Ltd နှင့် ဝန်ထမ်းများက အမေရိကန်ဒေါ်လာ (၁၄၃,၇၅၀) တန်ဖိုးရှိ အထူးကြပ်မတ်ကုသဆောင်သုံး အသက်ရှူစက် (၅) လုံး၊ Patient Monitor (၅) လုံးနှင့် Video Laryngoscope (၁) ခု၊

• Mega Lifesciences Ltd (Nutra Division) က ငွေကျပ် (၂၆.၄) သိန်း တန်ဖိုးရှိ Nat C (၃,၅၀၀) ဗူးတို့ကို အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags