Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဧပြီလ (၆) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံး ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများ လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ ညီညီညွတ်ညွှတ်ဖြင့် စုစည်းလုပ်ဆောင်နေမှုများ၊ လှူဒါန်းပံ့ပိုးမှုများသည် မိမိတို့ နိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာ အထောက် အကူပြုမည် ဖြစ်ပါကြောင်း၊

 

• လှူဒါန်းသည့် လှူဒါန်းငွေများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်စွာ အသုံးချသွားမည်ဖြစ်ပြီး ဆေးပစ္စည်းကိရိယာများကို ယခု COVID-19 လူနာများ အတွက် သာမက နောင်ကာလများတွင် အထူးကြပ်မတ်ကုသဆောင်များ၌ ထားရှိကုသရမည့် အခြား လူနာများအတွက်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) တို့က အလှူရှင်များ ပေးအပ်လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ယနေ့ လှူဒါန်းပွဲတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက ကျပ် (၃၀) သိန်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) က ကျပ် (၇၀) သိန်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကျပ် (၆၀) သိန်း၊ ဦးနောအောက်မေ့ဖွယ်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်က ကျပ် (၅၀) သိန်း၊ ရန်ကုန်ယုဝတီခရစ်ယာန်အသင်း (Yangon YWCA) က ကျပ် (၂၂.၈) သိန်း၊ မြန်မာနိုင်ငံခရစ်ယာန် ကျန်းမာရေးလုပ်သားများအသင်း (MCHWA) က ကျပ် (၃) သိန်း၊ The Salvation Army ကယ်တင်ခြင်း တပ်အသင်းတော်က ကျပ် (၁၅.၂) သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး အဖွဲ့ချုပ်က ကျပ် (၁၀၈) သိန်း၊ ဂေါ်ရခါးလူမှုကူညီရေးအသင်း (မြန်မာ) က ကျပ် (၃၀) သိန်း၊ PMA Care က ကျပ် (၅၀) သိန်းနှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ်က ကျပ် (၁၅၀) သိန်း တို့ကို အသီးသီး လှူဒါန်းခဲ့ကြပါသည်။

 

     ယနေ့၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မိန်းမရဲသခင်မတောင်မှ မဟာဂန္ဓာရီသာသနာပြု ယောက်ကော်ဆရာလေးက ကျပ် (၁၀၀) သိန်း၊ ဦးဌေးဦး (ဌေးဝင်္ဂဘာကုမ္ပဏီလီမီတက်)က ကျပ် (၂၀) သိန်း၊ ဒေါက်တာမသဇင် (နတ်ရေကန်ဆေးခန်း) က ကျပ် (၁၀) သိန်း၊ ဦးအောင်ကောင်း+ ဒေါ်အေးအေးနွဲ့ မိသားစုက ကျပ် (၅) သိန်း တို့လာရောက်လှူဒါန်းခဲ့မှုအား ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်း လွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

 

 

More Tags