“(၂၀၂၄)ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

 
 
 

နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့

     (၂၀၂၄)ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၄)၊ Meeting Hall ၌ ယနေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာ တွင် ကမ္ဘာတစ်ဝှမ်းတွင် နှလုံးနှင့်နှလုံးသွေးကြောရောဂါများကြောင့် နှစ်စဉ်လူဦးရေ (၂၀.၅)သန်း ကျော် သေဆုံးနေရပြီး သေဆုံးမှု၏ (၈၅)ရာခိုင်နှုန်းသည် ရုတ်တရက် နှလုံးရပ်ခြင်း၊ ဦးနှောက်သွေး ကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းဖြစ် သည်ကို ကမ္ဘာ့နှလုံးကျန်းမာရေးဖက်ဒရေးရှင်း၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ လူထုအတွင်း နှလုံးနှင့်နှလုံးသွေးကြောရောဂါများအပါအဝင် အခြားမကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျော့ချနိုင်ရေးအတွက် မကူးစက်နိုင် သောရောဂါများ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်စက်တင်ဘာလ (၂၉)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့နှလုံးကျန်းမာ ရေးနေ့တွင်လည်း ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များတွင် အထိမ်းအမှတ်အခမ်းအနား များ၊ လှုပ်ရှား မှုများကို ကျင်းပပြီး ပြည်သူလူထုအတွင်း နှလုံးကျန်းမာရေးနဲ့ပတ်သက်၍ ကျန်းမာရေး အသိပညာမြင့်မားစေရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Use Heart for Action” ဖြစ်ပြီး “နှလုံးအစဉ် ကျန်းမာဖို့ သိဉာဏ် ဆင်ခြင် ဆောင်ရွက်စို့”ဟု မြန်မာဘာသာ ပြန်ဆိုထားပြီး ပြည်သူလူထုအတွင်း မိမိတို့ နှလုံး ကျန်းမာရေးအတွက်အသိဉာဏ်ဖြင့်­­­­­­­ဆင်ခြင်ပြီး ရောဂါမဖြစ်အောင် အစဉ်သတိဖြင့် စောင့်ရှောက် နေထိုင်သွားရန်နှင့် မူဝါဒရေးဆွဲချမှတ်သူများအနေဖြင့်လည်း နှလုံးသွေးကြောရောဂါများ ကာကွယ် ထိန်းချုပ်ခြင်းအတွက် ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲမှုနှင့် အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှားအားကစားပုံမှန် ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင် ပြုမူနေထိုင် ခြင်းတို့ဖြင့် နှလုံးနှင့်နှလုံးသွေးကြောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ကြောင်း၊ ရောဂါရှိ/ မရှိ ပုံမှန်စစ်ဆေးပြီး ရောဂါတွေ့ရှိပါက အချိန်မီကုသမှု ခံယူ ခြင်းဖြင့် အရွယ်မတိုင်ခင်သေဆုံးမှုကို များစွာလျော့ကျစေမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူ များလက်လှမ်းမီစေရေးအတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိကြောင်း၊ ကုသမှုအတွက် လိုအပ် သော မကူးစက်နိုင်သောရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းသုံးအခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ပုံငွေကျပ်‌ငွေသန်းပေါင်းများစွာ အကုန် အကျခံ ဝယ်ယူဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် နှလုံးနှင့်နှလုံးသွေးကြောရောဂါလူနာများကို ကျွမ်းကျင်အထူးကု ဆရာဝန်ကြီးများမှ ခေတ်မီစက် ကိရိယာ၊ နည်းပညာများအသုံးပြု၍ ကုသမှုပေးလျက်ရှိကြောင်း၊ ဗဟိုအဆင့်ဆေးရုံကြီးများတွင်သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဆေးရုံများတွင်လည်း အရေးပေါ်နှလုံးကုသ မှုခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာန များမှ နှလုံးနှင့်နှလုံးသွေးကြောရောဂါကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်‌ရှောက်မှုများ ပေးလျက် ရှိသကဲ့သို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် မိမိ၏ နှလုံးကျန်းမာရေးအတွက် မိမိကစပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံကို အသိဉာဏ်ဖြင့် ဆင်ခြင်နေထိုင်သွားကြရန် အလေးထား တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

    ယင်းနောက် (၂၀၂၄)ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်ဗွီဒီယို ပြသခြင်း၊ နှလုံး နှင့် နှလုံးသွေးကြောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆရာဝန်များအတွက် လက်စွဲစာအုပ်ကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ နှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက် နှင့် ဆီးချိုသွေးချိုထိန်းသိမ်းရေးစီမံချက်တို့မှ စီမံချက်မန်နေဂျာများမှ ပေးအပ်ခဲ့ ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လှည် ကြည့်ရှုခဲ့သည်။

     အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံတိုင်း ရင်းဆေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံ အုပ်ကြီးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

     မွန်းလွဲပိုင်းတွင် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်အစီအစဉ်တစ်ရပ်အဖြစ် နှလုံးနှင့်နှလုံးသွေးကြောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဗဟိုအဆင့်မွမ်းမံသင်တန်းကို ဆက်လက် ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

More Tags