(၂၀၂၃) ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား (14-11-2023)

နေပြည်တော်၊ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့

     (၂၀၂၃) ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ယနေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင်- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးတည်ချက်(၁၂)ရပ်ပါ လူမှုရေးဦးတည်ချက် တစ်ခုဖြစ်တဲ့ “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းဇယားများအရ ကမ္ဘာတစ်ဝှမ်းရှိ အရွယ်ရောက် ပြီးသူ(၁၀)ဦးတွင် (၁)ဦး သည် ဆီးချိုသွေးချိုရောဂါ ခံစားနေရပြီး ဆီးချိုသွေးချို ရောဂါကြောင့် နှစ်စဉ် လူဦးရေ (၂)သန်းခန့် အသက်ဆုံးရှုံးနေရကြောင်း၊ ဆီးချိုသွေးချိုရောဂါရှိနေသူ (၅၀)ရာခိုင်နှုန်း ခန့်သည် ၎င်းတို့ကိုယ်တိုင် ရောဂါဖြစ်ပွားနေမှန်း မသိရှိကြကြောင်း၊ ဖြစ်ပွားသေဆုံးမှု မြင့်မား လာသည့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါအန္တရာယ် အသိပညာပေးခြင်းကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာ နိုင်ငံတွင် (၂၀၀၆)ခုနှစ်မှ စတင်၍ နှစ်စဉ် နိုဝင်ဘာလ(၁၄) ရက်နေ့တိုင်း “ကမ္ဘာ့ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(World Diabetes Day)” အထိမ်းအမှတ်အခမ်းအနားကို ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း၊

 

     ယခုနှစ် ဆီးချိုသွေးချိုရောဂါကာကွယ် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ ‘Know your risk, Know your response’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆီးချိုသွေးချို အန္တရာယ် ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့” ဟု သာသာပြန်ဆိုထားကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ် ချက်မှာ ပြည်သူလူထုမှ မိမိတို့တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် အခြေအနေကို သိရှိနားလည်၍ အချိန်မီ စစ်ဆေးကုသမှုများ ရယူရန် ဖြစ်ပါကြောင်း၊

     အသက်(၄၅)နှစ်ကျော်လာလျှင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများလာသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားတတ်သည့် ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes)သည် မိခင်နှင့်ကလေးသေဆုံးမှုကို မြင့်မားစေသည့်အပြင် မွေးဖွားလာသည့် ကလေး အရွယ်ရောက်လာချိန်တွင် အဝလွန်ရောဂါနှင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများစေနိုင်သည်ကို တွေ့ရှိရသည့်အတွက် မိခင်လောင်းများအနေဖြင့် မျိုးဆက်သစ်များ ကျန်းမာသန်စွမ်းစေရန်၊ အဝလွန်ရောဂါ မဖြစ်စေရန်နှင့် ဆီးချိုသွေးချိုရောဂါ မဖြစ်စေရန် ဆင်ခြင်နေထိုင်ခြင်းဖြင့် ကာကွယ်သွားရမှာဖြစ်ကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးရန် အထူးလိုအပ်ကြောင်း၊

     နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးမြှင့်တင် နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

 

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေရန်နှင့် ဆီးချိုသွေးချို ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာ မြင့်မားစေရန်အတွက် Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ဆေးရုံကြီး(၄)ခုနဲ့ မကွေးပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်၍ ခေတ်မီနည်းပညာ ကုထုံးများဖြင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ကျေးလက် ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မိခင်နှင့် ကလေးကျန်းမာရေး ဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်း (၇၄၀၀)ကျော်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ အခြေခံကျန်းမာရေး ဝန်ထမ်းများက ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှ အခမဲ့စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုနှင့် ရောဂါနောက်ဆက်တွဲ လူမှုစီးပွားဒုက္ခများကို ရှောင်ရှားနိုင်ရန်နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပြည်သူလူထုအနေဖြင့် ယခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ ရောဂါအန္တရာယ်ကို ကိုယ်တိုင် သိရှိနားလည်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ပြုမူကာ လိုအပ်သော စစ်ဆေးကုသမှုများကို အချိန်မီရယူရန် လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းငယ်အား လှည့်လှည်ကြည့်ရှုခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ ဆီးချိုသွေးချိုရောဂါရှိသော ဝန်ထမ်းများအား စစ်ဆေးကုသပေးခြင်းနှင့် မိမိဆန္ဒအလျောက် ဆီးချိုသွေးချိုရှိမရှိ စစ်ဆေးလိုသည့် အသက်(၄၀)နှစ်နှင့် အထက် ဝန်ထမ်းများအား စစ်ဆေးပေးခြင်း ဆောင်ရွက်နေမှုအား လှည့်လှည်ကြည့်ရှုအားပေးခဲ့သည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဌ နှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ် ကြီးများနှင့် ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့‌ပြီး ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

More Tags