အလုပ်သင်ဆရာဝန်များကို ယခုထက်ပိုမို ထိရောက်စွာ ဘက်စုံလေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ပိုမိုအရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့် ညီညွတ်သောဆရာဝန်များ ပိုမိုထွက်ပေါ်လာစေရေး ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဌအား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံဆွေးနွေး

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခဒေါက်တာအေးမောင်ဟန်အား ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ အလုပ်သင်ဆရာဝန်များကို ယခုထက်ပိုမိုထိရောက်စွာဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဘက်စုံလေ့ကျင့် သင်ကြားပေးခြင်း၊ အလုပ်သင်ဆရာဝန်အကဲဖြတ်ခြင်းများကို ယခုထက်ပိုမိုစနစ်တကျဆောင်ရွက်ခြင်းဖြင့် ပိုမိုအရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီညွတ်သော အလုပ်သင်ဆရာဝန်များမှ တဆင့် ဆရာဝန်ကောင်း၊ ဆေးပညာရှင်ကောင်းများ ပိုမိုထွက်ပေါ်လာစေရေး ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီဌာနတို့မှ ဆောင်ရွက်ထားရှိမှုများ အသင့်ဖြစ်မှုအခြေအနေ တို့နှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


 

     ရှေးဦးစွာ ပါမောက္ခဒေါက်တာအေးမောင်ဟန်က ရှင်းလင်းတင်ပြရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အလုပ်သင်ဆရာဝန်များ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၏ အစည်းအဝေးကို (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် စတင်ပြုလုပ်ခဲ့ပါကြောင်း၊

• အဆိုပါအစည်းအဝေးမှ ကနဦးထွက်ပေါ်လာခဲ့သော ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၏ အကြံပြုချက်များကို ပြည်ထောင်စုဝန်ကြီးထံသို့ ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၏ စာအမှတ် ၁၄/ဆအက/၂၀၁၇ ဖြင့် (၅-၇-၂၀၁၇) ရက်နေ့တွင် တင်ပြခဲ့ပါကြောင်း၊

• ထိုသို့ တင်ပြရာတွင် House officer training program နှင့် ပတ်သက်၍ infrastructure, program, training ဆိုင်ရာ အားနည်းချက်များကို ပြုပြင်မွမ်းမံဆောင်ရွက်နိုင်မည့် အချက်များနှင့် တကွတင်ပြခဲ့ပြီး စီစဉ်ထားရှိမှုများအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဦးဆောင်၍ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူများနှင့် ညှိနှိုင်း ဆွေးနွေးလိုပါကြောင်းကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုလမ်းညွှန်ပေးခဲ့ပါကြောင်း၊

• (၄-၉-၂၀၁၇) ရက်နေ့တွင် ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူများ စုစုပေါင်း ပညာရှင် (၂၈)ဦး ပါဝင်သော ညှိနှိုင်းအစည်းအဝေးကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး (၁၁-၉-၂၀၁၇) ရက်နေ့တွင် ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၏ စာအမှတ် ၁၇/ ဆအက/ ၂၀၁၇ ဖြင့် ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) မှ တဆင့် ဝန်ကြီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊

• ဝန်ကြီးဌာန၏ (၃-၁၀-၂၀၁၇) ရက်စွဲပါ စာအမှတ် ၁၃ မခ (က) ၂၀၁၇/ (၃၆၄၂)/ ၁၆၈၆၇ ကို ရည်ညွှန်း၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ (၁-၁၁-၂၀၁၇) ရက်နေ့တွင် စာအမှတ် ၂ (က) ၁၀/ ၂၀၁၇ (၁၄၂၀ဝ) ကလရ ဖြင့် House officer training program ကိုပြန်လည် သုံးသပ်ပြင်ဆင်ရေးဆွဲရေးအတွက် ဘာသာရပ်ဆိုင်ရာ အဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊

• ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ၏ (၉-၄-၂၀၁၈) ရက်နေ့၊ စာအမှတ် ၅/ဆအပ/၂၀၁၈ ဖြင့် ပြည်ထောင်စုဝန်ကြီးထံသို့ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အကြံပြုတင်ပြခဲ့ပါကြောင်း၊

• ပြည်ထောင်စုဝန်ကြီးမှ ဤကိစ္စနှင့် ပတ်သက်၍ ဆေးတက္ကသိုလ်များနှင့် သက်ဆိုင်ရာ House officer training ပေးနိုင်သည့် အရည်အချင်းပြည့်စုံသည့် ဆေးရုံကြီးများရှိရာ ပြည်နယ်/ တိုင်းဒေသကြီးများမှ ဦးစီးဌာနမှူးများကိုပါ ညှိနှိုင်းဆောင်ရွက်ပေးပါရန် လမ်းညွှန်မှုပေးခဲ့ပါသဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ (၁-၆-၂၀၁၈) ရက်နေ့တွင် အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ဆေးတက္ကသိုလ် (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊

• လက်ရှိတွင် သင်ကြားလျက်ရှိသော House officer training များကို ဆန်းစစ် ထားရှိမှု အခြေအနေများကိုလည်း ဖြင့် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ (၅-၂-၂၀၁၉) ရက်နေ့တွင် စာအမှတ် ၂(က) ၁၀/၂၀၁၉ (၃၅၇၃) ကလရ ဖြင့် တောင်းခံခဲ့ပါကြောင်း၊

• House officer training program အားအပြီးသတ် ရေးဆွဲနိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် စာအမှတ် ၂(က) ၁၀/၂၀၁၉ (၃၈၈၀) ကလရ ဖြင့် သက်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များနှင့် ဆေးတက္ကသိုလ်များထံသို့ နောက်ဆုံးသင်ရိုးညွှန်တမ်း version အား ပေးပို့ပေးပါရန် တောင့်ခံခဲ့ပါကြောင်း၊

• အပြီးသတ် အတည်ပြုနိုင်မည့် အလုပ်သင်ဆရာဝန်သင်ရိုးညွှန်တမ်းတွင် ပညာရှင်တစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်ရုံသာမက ကျန်းမာရေးပညာသင်ကြားပေးနိုင်မည့်သူများ အဖြစ် ရည်ရွယ်ထားရှိပါကြောင်း၊

• လေ့ကျင့်သင်ကြားရာတွင် knowledge, competency, skills, attitude, medical ethics, patient care စသည့် အရည်အသွေးနှင့် ကျင့်ဝတ်ဆိုင်ရာ မြင့်မားစေရေးတို့ကို မျှတစွာ သင်ကြားပေးမည် ဖြစ်ပါကြောင်း၊

• အဓိက ဘာသာရပ်ကြီးဖြစ်သော ဆေးပညာ၊ ကလေးကျန်းမာပညာ၊ သားဖွားမီးယပ်ပညာ၊ ခွဲစိတ်ကုပညာ စသည့် အဓိက ဘာသာရပ်ကြီးများ အပြင် လူထုကျန်းမာရေးပညာ၊ အရေးပေါ်ဆေးပညာ၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါပညာ၊ မေ့ဆေးပညာ စသည့်တို့ကို အချိုးညီသင်ကြားပေးမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီး ပြောကြားဆွေးနွေးရာတွင် -

• ယခုကဲ့သို့ အလုပ်သင်ဆရာဝန်များလေ့ကျင့်သင်ကြားရေး၊ အဆင့်ဆင့် စနစ်တကျဆောင်ရွက်ပေးခဲ့ပါသော ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ပါဝင်ဆောင်ရွက် ပါမောက္ခချုပ်များ၊ ပါမောက္ခများ အပါအဝင် တာဝန်ရှိသူအား တို့ကို အထူးကျေးဇူးတင်ရှိမှတ်တမ်းတင်ရှိပါကြောင်း၊

• အလုပ်သင်ဆရာဝန်များ အရည်အသွေးမြင့်မားပြီး ကျင့်ဝတ်နှင့် ပြည့်စုံသောသူများဖြစ်လာမှသာလျှင် ပြည်သူများတို့အတွက် အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့် ညီညွတ်သော ဆရာဝန်ကောင်းများ၊ ဆေးပညာရှင်ကောင်းများအဖြစ် ပိုမိုထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊

• ဆရာဝန်မှတ်ပုံတင်မရရှိသေးမီ အလုပ်သင်ဆရာဝန်အဖြစ်လေ့ကျင့် သင်ကြားခြင်းခံယူရသော ကာလတွင် နိုင်ငံတော်မှ လစဉ် ချီးမြှင့်ငွေပိုမိုရရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အရည်အသွေးမြင့်မားသော အလုပ်သင်ဆရာဝန်များ ရရှိစေရေးအတွက် အကဲဖြတ်ခြင်း စနစ်ကို ကောင်းမွန်စွာဖြင့် ဆောင်ရွက်နိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အလုပ်သင်ဆရာဝန်များအား လေ့ကျင့်သင်ကြားပေးရာ ဆေးရုံကြီးများရှိ ဆရာများ၏ အရည်အသွေးကိုလည်း ယခုထက်ပိုမို မြင့်မားလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဆရာ၊ တပည့် နှစ်ဘက်စလုံး အရည်အသွေးမြင့်မားခြင်းအားဖြင့် နှစ်ဘက်လုံးအကျိုးရှိစေမည်ဖြစ်ကာ ပိုမိုထွက်ပေါ်လာသော ဆရာဝန်ကောင်းများမှ တစ်ဆင့်ပြည်သူများပါ အကျိုးရှိလာမည်ဖြစ်ပါကြောင်း၊

• ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အနေဖြင့် integrated curriculum နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုအလုပ်​သင်​ဆရာဝန်​သင်ရိုးညွှန်းတမ်းကို လာမည့်နှစ်တွင် အလုပ်သင်ဆရာဝန်များကို သင်ကြားလေ့ကျင့်ပေးရာတွင် စတင်အသုံးပြုနိုင်ရေး လိုအပ်သည့် ညှိနှိုင်းမှုများ၊ အသင့်ပြင်ဆင်မှုများဆောင်ရွက်ရန် ဖြစ်ပြီး ဝန်ကြီးဌာနမှ ပံ့ပိုးမှုများ အချိန်နှင့်တပြေးညီ ပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း​နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags