နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့
“မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသန(၂၀၂၄)(STEPS Survey-2024)ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲအခမ်းအနား”ကို မြန်မာ နိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း၊ Theater ခန်းမ၌ ယနေ့ နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ(၄၁)သန်းခန့် သေဆုံးနေရပြီး ကမ္ဘာတစ်ဝှမ်း သေဆုံးမှုအားလုံး၏ (၇၄) ရာခိုင်နှုန်းရှိသည်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ သိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မကူးစက် နိုင်သောရောဂါများကြောင့် ဆေးရုံတက်ရောက်ရမှု တဖြည်းဖြည်းမြင့်တက်လာနေပြီး (၂၀၂၃)ခုနှစ် တွင် ကောက်ခံထားသောအချက်အလက်များအရ ဆေးရုံတက်လူနာ သေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်သည်ကို ဆေးရုံအခြေပြုစာရင်းဇယားများအရ တွေ့ရှိရကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းအစရှိသော ကျန်းမာရေးနှင့်မညီညွတ်သည့်အပြုအမူများကြောင့် သွေးပေါင်ချိန်မြင့်မားခြင်း၊ သွေးတွင်းအချိုဓာတ်၊ အဆီဓာတ်များ ရှိသင့်သည်ထက် မြင့်မားနေခြင်းနှင့် ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်ပွားလာသောကြောင့် ထိုပြုပြင်ပြောင်းလဲ၍ရသော အပြုအမူများကို ထိန်းချုပ်လျှော့ချနိုင်မှသာ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုကျဆင်း လာမှာဖြစ်ပြီး အရွယ်မတိုင်မီသေဆုံးမှုကို တားဆီးနိုင်မှာဖြစ်ကြောင်း၊ တဖက်တွင်လည်း မကူးစက်နိုင်သောရောဂါများကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုနေရသည့် ကျန်းမာရေးအသုံးစရိတ် ဝန်ထုပ် ဝန်ပိုးများကို လျှော့ချနိုင်မှာဖြစ်ပြီး အခြားသောနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး ရောဂါကာကွယ် ကုသရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသအောက်ခြေအထိ မကူးစက်နိုင်သောရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစေရေး အတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ်ဖွင့်လှစ်ထားရှိပြီး လိုအပ်သော အခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးလျက်ရှိပါကြောင်း၊ STEPS Survey ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရေးအတွက် များစွာအထောက်အကူ ပြုနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ်အတွင်းဆောင်ရွက်မည့် STEPS Survey(၂၀၂၄)ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ပြီးမြောက်စေရေးအတွက် တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့မှ သင်တန်းဆရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို (၂၀၂၄)ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အတွင်း (၃)သုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
STEPS survey(၂၀၂၄)ကို တိုင်းဒေသကြီး/ပြည်နယ်(၁၃)ခုတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသန(STEPS Survey)ကို (၂၀၀၃)ခုနှစ်၊ (၂၀၀၉) ခုနှစ်နှင့် (၂၀၁၄)ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်တမ်းသည် ကျန်းမာရေးနှင့် မညီညွတ်သည့်အပြုအမူများ (Behaviour Risk Factors)နှင့် ဇီဝကမ္မဗေဒဆိုင်ရာအန္တရာယ်အခြေအနေ (Biological Risk Factors)များကိုပါ ခြုံငုံကောက်ယူနိုင်သည့် လွယ်ကူရိုးရှင်းသည့် စစ်တမ်းဖြစ်ကြောင်းသိရှိရပါသည်။