ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the ceremony on accelerating the control of tobacco use in Nay Pyi Taw Union Territory

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယခုကျင်းပပြုလုပ်သည့် အခမ်းအနားနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများသည် ပြည်သူများ၏ ကျန်းမာရေးအတွက် လတ်တလောကာလတွင်သာမက ရေရှည်တွင်ပါ အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊

• ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါအမျိုးမျိုး၊ ပြင်းထန်သည့် သွေးတိုးရောဂါ၊ ခြေပုတ်၊ လက်ပုတ်ရောဂါ စသည်တို့ဖြစ်ပွားနိုင်ပါကြောင်း၊

 

• ထိုသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲသူများတွင် ရောဂါဝေဒနာအမျိုးမျိုးခံစားရကာ ဘဝနေထိုင်မှုအရည်အသွေးကျဆင်းခြင်း၊ သက်တမ်းမစေ့မီသေဆုံးခြင်းတို့ဖြစ်ပွားမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုများတွင်လည်း စိုးရိမ်ပူပန်မှုများရရှိခြင်း၊ လူနာအားကုသပြုစုရကာ အလုပ်ဝန်ပိခြင်းနှင့် ဝင်ငွေထိခိုက်ခြင်း တို့ဖြစ်ပွားမည်ဖြစ်ပါကြောင်း၊

• တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်ရသူကလေးများတွင် နာတာရှည် အသက်ရှုလမ်းကြောင်း ရောဂါများဖြစ်ပွားခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ကလေးငယ်များတွင် ရုတ်တရက် သေဆုံးခြင်းတို့ဖြစ်ပွားစေနိုင်ပါကြောင်း၊ ကိုယ်ဝန်ဆောင်များတွင် လမစေ့သော ပေါင်မပြည့်သော ကလေးများမွေးဖွားခြင်း၊ သားလျှောသားပျက်ခြင်း တို့ဖြစ်ပွားစေပါ ကြောင်း၊

 

• (၂၀၁၆) ခုနှစ် Investment case study အရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ကျပ်ငွေ (၂.၆) ထရီလီယံ (trillion) ခန့် ဆုံးရှုံးခဲ့ပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ (၈) သန်း အသက်ဆုံးရှုံးနေရပြီး ထိုအထဲမှ (၁) သန်းသည် ကိုယ်တိုင် ဆေးလိပ်နှင့်ဆေးရွက်ကြီး မသုံးစွဲသော်လည်း သူတစ်ပါးသောက်သုံးသော တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရသဖြင့် ရောဂါများဖြစ်ပွားပြီး အသက်ဆုံးရှုံးရခြင်းဖြစ်ပါကြောင်း၊

 

• (၂၀၁၄) ခုနှစ် WHO STEP Survey အရ မြန်မာနိုင်ငံ၌ အသက် (၂၅) နှစ်မှ (၆၄) နှစ်အတွင်း အမျိုးသားများ၏ (၄၂.၈) ရာခိုင်နှုန်း နှင့် (၂၀၁၆) ခုနှစ် Global Youth Tobacco Survey အရ အသက် (၁၃) နှစ်မှ (၁၅) နှစ်အတွင်း ယောက်ကျားလေးများ၏ (၂၁.၁) ရာခိုင်နှုန်းတို့သည် ဆေးလိပ်သောက်သုံးနေကြောင်း တွေ့ရှိရပါကြောင်း၊

• (၂၀၁၄) ခုနှစ် WHO STEP Survey သုတေသနတွင် ဖြေဆိုပါဝင်သူများ၏ (၉၄) ရာခိုင်နှုန်းတွင် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားစေသည့် အကြောင်းအရင်း အနည်းဆုံး (၁) မျိုးတွေ့ရှိရပြီး (၁၉.၆) ရာခိုင်နှုန်းတွင် ရောဂါဖြစ်စေသော အကြောင်းအရင်း (၃) မျိုးမှ (၅) မျိုးအထိ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

 

• မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုကာလတွင် ကြိုးပမ်းလုပ်ဆောင်ခြင်းမပြုပါက နောင်လာမည့် (၅) နှစ်တာကာလအတွင်းတွင် ထိန်းချုပ်ရခက်သော ပြည်သူ့ကျန်းမာရေးပြဿနာကြီး ဖြစ်လာကာ ကျန်းမာရေးအသုံးစရိတ်များ၏ အများစုကို ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သုံးစွဲမှုကြောင့်ဖြစ်ပွားသည့်ရောဂါများကို ကုသရန်အတွက်သာ အသုံးချရ မည်ဖြစ်ပါကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ တာဝန်ရှိသူများ အားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• လုပ်ငန်းများ ရေရှည်တည်တံ့အောင်မြင်စေရေးအတွက် အဆိုပါလုပ်ငန်းများသည် ပြည်သူ တစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက် အရေးကြီးမှုကို သိရှိကာ ပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း သည် အထူးအရေးကြီးပါကြောင်း၊

• ကိုယ်တိုင်ဆေးလိပ်မသောက်သုံးသော်လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်ရခြင်းမှ နာတာရှည် ရောဂါဆိုးများဖြစ်ပွားနိုင်သည့် အချက်ကို ပြည်သူများ သိရှိကြရန် အရေးကြီးပါကြောင်း၊

 

• သို့မှသာ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်၊ အလုပ်၊ ပတ်ဝန်းကျင်တွင် ဆေးလိပ် သောက်သုံးသူများရှိပါက ထိုသို့ သောက်သုံးသူနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုရှိုက်ရသူများ အားလုံး၏ ကျန်းမာရေးအတွက် သတိပေးပြောကြားမှု၊ ဆေးလိပ်ဖြတ်ရန် တွန်းအားပေးမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များတွင် ပါဝင်သော ကျန်းမာရေး အသိပညာအချက်အလက်များကို အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ကျန်းမာရေး စကားဝိုင်းငယ်များပြုလုပ်၍ ပြည်သူများထံဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉.၇) သန်းရှိသော ကျောင်းသား၊ ကျောင်းသူများ တွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး၏ ဆိုးကျိုးများသိရှိစေရန် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ၎င်းတို့မှတစ်ဆင့် ၎င်းတို့၏ မိဘများ၊ မိတ်ဆွေသူငယ်ချင်းများထံ ကျန်းမာရေးအသိပညာဗဟုသုတများကို ဝေမျှပေးနိုင်မည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်ကိုသိရှိသူ၊ ကိုယ်တိုင်သုံးစွဲခြင်းမှ ရှောင်ကြဉ်သူနှင့် တစ်ဆင့်ခံဆေးလိပ်ငွေ့အန္တရာယ်ကို ကြောက်ရွံ့ သူများများပြားကာ ၎င်းတို့မှတစ်ဆင့် ပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးသူများအား ဖိအားပေး (peer pressure) ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို checklist များအသုံးပြု စောင့်ကြည့်ဆန်းစစ်ရမည်ဖြစ်ပြီး (၆) လတာကာလ အကြာတွင်လည်း လုပ်ငန်းဆန်းစစ်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ အခွန်တိုးမြှင့်ကောက်ခံရေးကိစ္စများဆောင်ရွက် နေခြင်း၊ ဆေးလိပ်သောက်ခွင့်မရှိသောနေရာများ ဆောင်ရွက်ခြင်း တို့အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၏ အောင်မြင်မှုအခြေအနေများကို အသုံးချသုတေသနပြုလုပ်ကာ ပြန်လည် ဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊

• ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ၊ နှီးနွှယ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အမှာစကားပြောကြားရာတွင် -

• ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သုံးစွဲသူများကိုယ်တိုင်နှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုသူများတွင် ရောဂါအမျိုးမျိုးဖြစ်ပွားခံစားရပါကြောင်း၊

• နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊
မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများအား လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊

• ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ရယူကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ဆောင်ရွက်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းတို့မှ တစ်ဆင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်မှ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအားလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊

နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါ သည်။

 

     ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် ပတ်သက်၍ ကျောင်းသူ၊ ကျောင်းသားများက သရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းနှင့် တာဝန်ရှိသူများက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags