နေပြည်တော်၊ စက်တင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စပ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပါသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စပ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများက ကြိုဆိုနှုတ်ဆက်ပါသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အရေးပေါ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို ကြည့်ရှု၍ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဆေးရုံအုပ်ကြီးက ဆေးရုံ၏သမိုင်းအကျဉ်း၊ အဆောက်အဦ ဆောက်လုပ်ထားရှိမှုနှင့် လူနာဆောင်သစ်များဆောက်လုပ်ထားရှိမှု၊ ကင်ဆာရောဂါကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စက်ကိရိယာများ ထပ်မံလိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စပ်စံထွန်းဆေးရုံကြီး အဆောက်အဦများ၊ စက်ပစ္စည်းများနှင့် ပတ်သက်သော မှတ်တမ်းစာအုပ်များအား ကြည့်ရှုပြီး တာဝန်ရှိသူများအား မှတ်တမ်းများကို စနစ်တကျဖြင့် ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။