နေပြည်တော်၊ ဇန်နဝါရီ (၇)ရက်
ဆောင်းရာသီတွင်ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၇-၁-၂၀၂၅)ရက်နေ့၊ နေ့လယ်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီး များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ရောဂါနှိမ်နင်းရေးတပ်မှတာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူ များ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ အဖြစ်များလေ့ရှိပြီး လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့်သတင်းများ ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သတင်းထုတ်ပြန်ချက်အရ လတ်တလောဖြစ်ပွားမှုများတွင် ရာသီတုပ်ကွေး (Influenza A H1N1) ရောဂါသည် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးများဖြစ်သည့် rhinovirus, respiratory syncytial virus, mycoplasma pneumonia နှင့် Human Metapneumovirus (HMPV) များပါဝင်ကြောင်း၊ အဆိုပါ ပိုးများထဲမှ HMPV ရောဂါပိုးသည် ကိုဗစ်-၁၉ ရောဂါပိုးကဲ့သို့ အသစ်ဖြစ်ပွားလာသည့် ကူးစက်ရောဂါမဟုတ်ဘဲ (၂၀၀၁)ခုနှစ်၌ နယ်သာလန်နိုင်ငံတွင် စတင်စမ်းသပ်တွေ့ရှိခဲ့ရကြောင်း၊ (၂၀၀၈)ခုနှစ်တွင် ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင်လည်း (၁၉၉၉)ခုနှစ်ကတည်းကစ၍ တွေ့ရှိခဲ့ရကြောင်း၊ (၂၀၀၃)ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ HMPV ရောဂါပိုးသည် ကိုဗစ်-၁၉ ရောဂါနှင့်မတူဘဲ ယခင်ကတည်းက ဖြစ်ပွားနေခဲ့သော ရောဂါပိုးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း (၂၀၁၄)ခုနှစ်နှင့် (၂၀၁၅)ခုနှစ်တို့၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေ သနဦးစီးဌာနတို့မှ ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းများအရ နိုင်ငံအတွင်းကူးစက်ဖြစ်ပွားမှု ရှိခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်နှင့် (၂၀၂၃)ခုနှစ်၊ (၂၀၂၄)ခုနှစ်များတွင်ပြုလုပ်ခဲ့သော သုတေသနအချက်အလက်များအရ ပြင်ပလူနာကုဌာနများသို့ လာရောက်ပြသကုသမှုခံယူခဲ့သူများ တွင်လည်း အဆိုပါ HMPV ရောဂါပိုး ကူးစက်ဖြစ်ပွားခဲ့မှုများရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ HMPV ရောဂါပိုးသည် ရာသီဥတုအလိုက် ကူးစက်ဖြစ်ပွားမှုရှိနေခဲ့ပြီးဖြစ်သဖြင့် အဆိုပါ ရောဂါပိုးနှင့်ပတ်သက်၍ မိမိတို့ပြည်သူများအတွင်း ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်မည်ဟု သုံးသပ်ယူဆရနိုင်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အဆိုပါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုသည် ဆောင်းရာသီဖြစ်၍ ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာထားရှိခြင်း မရှိသေးပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများအနက် အဓိကအားဖြင့် အဖြစ်အများဆုံးဖြစ်သော ရာသီတုပ်ကွေးရောဂါသည်ပင် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုမြင့်တက်ခြင်း မရှိသေးပါကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကဲ့သို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ပြင်းထန် ရောဂါဖြစ်ပွားမှုအား ထိရောက်အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် အတွေ့အကြုံကောင်းများရှိပြီးဖြစ်သည့်အတွက် လက်ရှိဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ဆေးရုံများတွင် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်နိုင်မည့် နည်းပညာများ အသင့်ဖြစ်စေရေး စီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် အကြံပြုချက်များအား စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာ နှီးနွှယ် ဌာနဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံဝိုင်းဝန်းပူးပေါင်းပါဝင်၍ ညှိနှိုင်းကာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုပါကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပါအဝင် ကူးစက်မြန်ပြင်းထန်ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်နှင့်အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းမှ ဆောင်းရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ နှင့်ပတ်သက်၍ ပြည်သူလူထုမှ ကျန်းမာရေးသတင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအားဖြည့်ဆောင်ရွက်ရန်၊ ရောဂါဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ကုသမှုပေးခြင်းတို့အတွက် လိုအပ် သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်တို့အား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး/ ဆရာမကြီးများမှ HMPV ရောဂါပိုးကူးစက်ဖြစ်ပွားမှုအခြေအနေမှာ (၂၀၀၁)ခုနှစ်မှစ၍ နယ်သာလန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် ဖြစ်ပွားမှုများရှိခဲ့ပြီး လတ်တလောသတင်းထုတ်ပြန်ချက်များအရ (၂၀၂၄)ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါပိုး ၏ (၂)ရာခိုင်နှုန်းခန့်တွင် ကူးစက်ဖြစ်ပွားမှုရှိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံတွင်လည်း HMPV ကူးစက်ဖြစ်ပွားမှုသတင်းများ ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေး၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။