ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးပညာနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ် (၁၆) ခုမှ ပါမောက္ခချုပ်များ၊ ဆေးပညာ၊ ခွဲစိတ်ပညာ၊ မေ့ဆေးပညာ၊ သားဖွားနှင့်မီးယပ်ပညာ၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ၊ ဓာတ်မှန်ပညာ၊ ကလေးကျန်းမာပညာ၊ အရိုးရောဂါကုပညာ၊ အရေးပေါ်ကုသမှုဆေးပညာတို့မှ ပါမောက္ခ/ ဌာနမှူးများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးခဲ့သည့် "မြန်မာနိုင်ငံ၌ ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ ပထမအကြိမ်အစည်းအဝေးသို့" တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

 

• နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နေသော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးပညာရှင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ အပါအဝင် ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်သည့် ယခုအစည်းအဝေးသည် အရေးကြီးပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် နောက်ဆုံးပေါ် ကုသမှုကုထုံးများနှင့် ရောဂါရှာဖွေစစ်ဆေးရေးဆိုင်ရာ၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆရာဝန်၊ မြို့နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ၊ ကုသမှု အထောက်အကူပြုပညာရှင်များ လေ့လာသိရှိနိုင်ရန်မှာ နိုင်ငံ၏ ကျန်းမာရေးလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးပါကြောင်း၊

• စဉ်ဆက်မပြတ်ဆေးနှင့် ဆေးနှီးနွှယ်ပညာသင်ကြားရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားရေး ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအနေဖြင့်လည်း ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးအတွက် နည်းဗျူဟာများ ချမှတ်ကာ လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများကို အရေအတွက် သိသာစွာ တိုးမြှင့်ခေါ်ယူလုပ်ဆောင်ခဲ့ပါကြောင်း၊ သင်တန်းများကို အရည်အသွေးပြည့်ဝစွာ ပြုလုပ်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်ခြင်းကိုလည်း စနစ်တကျ လုပ်ဆောင်ခဲ့ပါကြောင်း၊

 

• ထို့အပြင် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၂၀) ပြည့်နှစ်၊ မတ်လအထိ ပြင်ပနိုင်ငံများ၌ ပြုလုပ်သော အစည်းအဝေး/ ညီလာခံ/ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် (၆,၇၄၁) ဦး စေလွှတ်ခဲ့ပြီး သင်တန်းအမျိုးမျိုး (၁,၆၆၉) ဦး၊ မဟာဘွဲ့သင်တန်း (၁၁၇) ဦးနှင့် ပါရဂူဘွဲ့ (၇၅) ဦး တက်ရောက်ရန် စေလွှတ်ခဲ့မှုအပါအဝင် ပြင်ပနိုင်ငံများသို စုစုပေါင်း (၈,၆၀၂) ကြိမ် စေလွှတ်ခဲ့ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် စဉ်ဆက်မပြတ်ဆေးနှင့်ဆေးနှီးနွှယ်သင်ကြားမှုများ ပြုလုပ်နိုင်ရန်အတွက် ခေတ်မီ အင်တာနက်ကွန်ရက်အသုံးပြု သင်ကြားသင်ယူမှု (E-Learning) ပုံစံအသုံးပြုကာ ပိုမိုအားဖြည့်ဆောင်ရွက် တော့မည်ဖြစ်ပါကြောင်း၊

• လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများထံသို့ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများနှင့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများထည့်သွင်းထားသည့် Mobile Tablet များကိုဖြန့်ဝေထားရှိပါကြောင်း၊ အဆိုပါစာအုပ်စာတမ်းများကိုလည်း ပုံမှန်မွမ်းမံ (update) ခြင်းကိုလည်းလုပ်ဆောင်ပေး လျက်ရှိပါကြောင်း၊ Mobile Tablet နှင့် အင်တာနက်ကွန်ရက်အသုံးပြုကာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအတွက် မွမ်းမံသင်တန်းများလည်း ပေးအပ်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် "ဆေးနှင့်ဆေးနှီးနွှယ်ပညာ စဉ်ဆက်မပြတ်သင်ကြားမှုဆိုင်ရာ အင်တာနက် စာမျက်နှာ (website)" တစ်ခုကို သီးသန့် အမြန်ဆုံးထူထောင်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ အင်တာနက်စာမျက်နှာ (website) တွင် ဆေးနှင့် ဆေးနှီးနွှယ်ပညာ ဘာသာရပ်အလိုက် အခန်းများပြုလုပ်ထားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပို့ချမှု ရုပ်သံဗီဒီယို (video) များ၊ လုပ်ငန်းလမ်းညွှန်များ (guidelines)၊ စံလုပ်ထုံးလုပ်နည်းများ (standardized operating procedures)၊ စာအုပ်စာတမ်းများကို ထုတ်လွှင့်ဖော်ပြထားမည်ဖြစ်ရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ သာမက နိုင်ငံတစ်ဝှမ်းရှိ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များအားလုံး အနေဖြင့် အချိန်မရွေး ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊

 

• ဆေးနှင့် ဆေးနှီးနွှယ်ဘာသာရပ်အသီးသီးမှ ပြည်တွင်း၌ပြုလုပ်သော နိုင်ငံတကာညီလာခံများနှင့် သင်တန်းများမှ စာအုပ်စာတမ်းများကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာတွင် ထည့်သွင်းထုတ်လွှင့် ထားမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် အင်တာနက်ကွန်ရက်ကိုအသုံးပြုကာ "မိမိကိုယ်တိုင် စိတ်ကြိုက်အချိန်တွင် လေ့လာလိုသည် သင်ခန်းစာအား လေ့လာသင်ယူ နိုင်သောသင်တန်း (Self-Paced E-Learning) များ" နှင့် "သတ်မှတ်အချိန်၊ အစီအစဉ်အတိုင်းတက်ရောက်ရသည့် (structured training program) သင်တန်းများ" ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• အလားတူ လက်တွေ့သင်ကြားလေ့ကျင့်ရသည့် ပညာရပ်စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• အဆိုပါလုပ်ငန်းများကို ဝန်ကြီးဌာန၏ လက်ရှိ အရင်းအမြစ်များနှင့် ကိုက်ညီစွာ၊ အခြေအနေ အရပ်ရပ်နှင့် ညီညွတ်စွာဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ချက်များနှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊

• ပညာရပ်၊ ဘာသာရပ်အလိုက် ဦးစားပေးအနေဖြင့် သိရှိလိုသည့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ ဦးစားပေး ပြုလုပ်စေလိုသည့် သင်တန်းများကို သိရှိနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ပြင်ပမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား သဘောထားစစ်တမ်း (quick survey) တစ်ခုကို ပြုလုပ်မည်ဖြစ်ပါကြောင်း၊

• ရေရှည်ကာလတွင် ဆက်လက်ဆောင်ရွက်သွားရန်အတွက် မူဘောင်၊ လမ်းပြမြေပုံနှင့် စနစ်များ ဖော်ဆောင်နိုင်ရေး အသေးစိတ်ဆွေးနွေးရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများသာမက ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာန၏ တက္ကသိုလ်များအနေဖြင့် စုစည်းချိတ်ဆက်ကာ အချင်းချင်း အပြန်အလှန် ပံ့ပိုးကူညီဆောင်ရွက်သွားကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးတက်ရန်အတွက် ယခုနှစ်ဘဏ္ဍာငွေအား (၉၈) ဘီလီယံကျပ် လျာထားမည် ဖြစ်သည့်အတွက် ယခင်နှစ်ကထက် (၄၃) ဘီလီယံကျပ်တိုးမြှင့် ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊

 

• လုပ်ငန်းများဆောင်ရွက်စဉ်ကာလအတွင်း ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဘာသာရပ် ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း၊ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း၊ မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည် နည်းပညာရှင်များအသင်းစသည့် အသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ တက္ကသိုလ်များအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ကျွမ်းကျင်မှု မြင့်မားသည့် ပညာရှင်များအား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary doctorate) များ ပေးအပ်ရန်အတွက်လည်း စဉ်းစားဆောင်ရွက်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ မကြာခင်က အသစ်ခန့်အပ်တာဝန်ပေးခဲ့သော လက်ထောက်ဆရာဝန်သစ်လွင် (၃၈၂) ဦးအတွက် မွမ်းမံသင်တန်းများကိုလည်း အမြန်ဆုံး ပြုလုပ်စေလိုပါကြောင်း၊

• ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်မှုများအတွက် သက်ဆိုင်ရာ ဘာသာရပ်၏ ပါမောက္ခ/ ဌာနမှူးများက ဦးဆောင်ပြီး အားလုံးစုစည်းညီညွတ်စွာဖြင့်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• နိုင်ငံတစ်ဝှမ်းလုံးရှိ ကဏ္ဍစုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူများအားလုံး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ကောင်းသည်ထက် ပိုမိုကောင်းစေရန်အတွက် ရေရှည်ကာလအတွက်မျှော်မှန်းကား စနစ်ကောင်းတစ်ရပ် ဖော်ဆောင်သွားစေလိုပြီး ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးပံ့ပိုး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ကုသရေးနှင့်ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီ၏ အတွင်းရေးမှူး၊ ညွှန်ကြားရေး မှူး (ကုသရေး) ဒေါက်တာမိုးခိုင်က အစည်းအဝေး၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ဝန်ကြီးဌာန၏ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ယခုလက်ရှိတွင် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး လေ့ကျင့် သင်ကြားမှု ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေမှု၊ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ ရေရှည်ကာလတွင် စနစ်တစ်ရပ်ဖော်ဆောင်ကာ လုပ်ဆောင်သွားရန်အတွက် အကြံပြုချက်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ဆေးပညာနှင့် ဆေးပညာနှီးနွှယ် ပါမောက္ခ/ ဌာနမှူးများက ဘာသာရပ်အလိုက် ဟောပြောပို့ချမှု ရုပ်သံဗီဒီယိုများရိုက်ကူးထားရှိမှုများ၊ လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို ပြုစုဖြန့်ဝေထားရှိမှုများ၊ နေရာဒေသအလိုက်၊ ဘာသာရပ်အလိုက် ဦးစားပေးဆောင်ရွက်ရန် သင်တန်းများ၊ အဆင့်အဆင့်လူနာညွှန်းပို့ကုသမှု (referral) စနစ် လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို ပို့ချရန်၊ လုပ်ငန်းဆောင်ရွက်မှု စောင့်ကြည့်ဆန်းစစ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများဆောင်ရွက်ရန်အတွက် ကွန်ရက်အဖွဲ့ (consultation network) ဖွဲ့စည်းရန်၊ အင်တာနက်ကွန်ရက်အသုံးပြုသင်တန်းနှင့် လက်တွေ့သင်တန်းများအတွက် သင်ကြားသင်ယူမှု နည်းဗျူဟာနှင့် နည်းစနစ်များ၊ သင်ကြားသင်ယူမှုများပြီးနောက် အသုံးချဆောင်ရွက်မှုကို ဆန်းစစ်အကဲဖြတ်ခြင်း စသည်တို့နှင့် ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခ/ ဌာနမှူးများတက်ရောက်ခဲ့ကြပါသည်။

More Tags