နေပြည်တော်၊ ဇူလိုင်လ(၂)ရက်
မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် သစ်လွင်ဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း (၁၂၀၀)ကျော်ကို ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များ နှင့်ပတ်သက်၍ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဆေးကုသခွင့်လိုင်စင်များ အသစ် ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ယာယီပိတ်သိမ်းထားရာမှ ပြန်လည်ခွင့်ပြုခြင်းများကို လည်း စနစ်တကျ စိစစ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ခွင့်ပြုရာတွင်လည်း ၎င်းတို့၏ အရည်အချင်းများ ပြည့်မီအောင် သက်ဆိုင်ရာကောင်စီများက စနစ်တကျစစ်ဆေးကာ ခွင့်ပြုပေးသွား ရန်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်၍ မိမိတို့ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို အမြဲလိုက်နာစောင့်ထိန်းကြရန်နှင့် လူနာ များနှင့်ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံရန် လိုအပ်ပါကြောင်း၊ မြန်မာ နိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီများမှလည်း နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန် ချက်များနှင့်အညီ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်များ ထုတ်ပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် အချိန်နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ကောင်စီ ဥက္ကဋ္ဌများမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။