29 Jan 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလ ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေးနှင့် ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်

          ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလ ပထမအကြိမ်ဗဟိုကောင်စီအစည်းအဝေးနှင့် ပထမအကြိမ်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများသို့ တက်ရောက် အမှာစကား ပြောကြားပါသည်။

                             

          ရှေးဦးစွာ မြန်မာနိုင်ငံဆေးကောင်စီနာယက၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလအတွက် ဗဟိုကောင်စီ၏ နာယက(၃)ဦးကို ရွေးချယ်ပေးပြီးဖြစ်ပါကြောင်း၊ (၂၀၁၅) ခုနှစ်မှာ မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မာနိုင်ငံဆေးကောင်စီဗဟိုကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို စနစ်တကျရွေးချယ် တင်မြှောက်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေပါ ရည်ရွှယ်ချက်များဖြစ်သည့် အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံး ခံစားခွင့်ရရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကတာဝန်ယူဆောင်ရွက်ပေးနေသော ဆရာဝန်များ၏ အရည်အသွေးနှင့် အဆင့်အတန်းပိုမိုမြင့်မားစေရန်၊ ဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့် ကိုယ်ကျင့်တရားများ၊  ဥပဒေစည်းကမ်းများ လိုက်နာစောင့်ထိန်းစေရန် ကြပ်မတ်ထိန်းသိမ်းရသော အဖွဲ့အစည်းကြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသားဆရာဝန်များကို အထွေထွေဆေးကုသမှုလိုင်စင်နှင့် အထူးကုလိုင်စင်များကို စနစ်တကျစီစစ်၍ မှတ်ပုံတင်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ မြန်မာနိုင်ငံရှိဆေးရုံများတွင် လာရောက်၍ ဆေးကုသမှု လုပ်ငန်း ဆောင်ရွက်ပေးမည့် နိုင်ငံခြားသားဆရာဝန်များအတွက် သီးခြားသတ်မှတ် ဆေးကုသခွင့်လိုင်စင်များ စနစ်တကျစီစစ်၍ ထုတ်ပေးခြင်း၊ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိ စီစစ်ဆောင်ရွက် ပေးခြင်း၊ဆရာဝန်များ လိုက်နာရမည့် ကိုယ်ကျင့်တရား၊ ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်းစေရန် ထိန်းသိမ်းကြပ်မတ်ပေးခြင်း၊ ဆရာဝန်များ၏ အရည် အသွေးအဆင့်အတန်းမြင့်မားစေရန် ပံ့ပိုးစီစစ်ပေးခြင်းစသည့် လုပ်ငန်းတာဝန်များကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အရည်အသွေးမြင့်မားစေရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေ၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကြပ်မတ်ပေးလျက်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သည့် ဆေးရုံတိုင်းဆရာဝန်ရှိစေရေးဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိရာတွင် ယခုအခါဖွင့်လှစ်နိုင်သောမြို့နယ်ဆေးရုံများအားလုံးနှင့် တိုက်နယ်ဆေးရုံများ၏ ၉၀ရာခိုင်နှုန်း ကျော်တွင် ဆရာဝန်များ ခန့်အပ် ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ဆက်လက်မွေးထုတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။  ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်သက်တမ်းကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပြီး မြန်မာနိုင်ငံဆေးကောင်စီ တတိယ လေးနှစ်သက်တမ်းကာလ ပထမအကြိမ်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက အသီးသီးဆွေးနွေးပြောကြားကြပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

                             

 
 

More Tags