ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် အထူးကုကွင်းဆင်းကုသမှု ကြည့်ရှုအားပေး

 
 
 
 
 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၂၉-၉-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် - ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ပုဗ္ဗသီရိမြို့နယ်-ခါးပြတ်ကျေးရွာရှိ အောင်စည်သာဘုန်းတော်ကြီးကျောင်းနှင့် တပ်ကုန်းမြို့နယ်- ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနတို့သို့ ‌ရောက်ရှိပြီး သမားတော်၊ ခွဲစိတ်၊ အရေပြား၊ ကလေး၊ အရိုး၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ၏ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။

      အဆိုပါကွင်းဆင်းခရီးစဉ်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ အရိုးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး -ရန်ကုန်တို့မှ အထူးကုဆရာဝန်ကြီးများမှ ဦးဆောင်၍လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၃၀၀)တို့မှ အထူးကုဆရာဝန်များမှ ဦးဆောင်၍လည်းကောင်း၊ တပ်ကုန်းမြို့နယ် - ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၌ ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့မှ အထူးကုဆရာဝန်များ ဦးဆောင်သောအဖွဲ့မှလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အထူးကုကွင်းဆင်းဆေးကုသရေးအစီအစဉ်သို့ လာရောက်ပြသကြသော ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

     ထို့နောက် ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရသည့် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်၍ ရေကြီးရေလျှံမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် သန့်ရှင်းရေး ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ကျန်းမာရေးဝန်ထမ်း များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ အဆိုပါကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်(၁၁၇)သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တပ်ကုန်းမြို့နယ်၊ မကျီးပင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့၍ သန့်ရှင်းသောသောက်သုံးရေရှိစေရေး သောက်ရေသန့်များ တွင် ရေသန့်ဆေးပြားများခပ်ခြင်း၊ သုံးရေများတွင် ကလိုရင်း ဆေးခပ်ခြင်းဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ပိုးသတ်သန့်စင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှု နောက်ဆက်တွဲ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ရောဂါကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် - သိမ်ကုန်းကျေးရွာ၊ ဇီးတောဘုန်းကြီးကျောင်းသို့ သွားရောက်၍ ရမည်းသင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာမြို့နှင့် ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်းမြို့တို့မှ အထူးကုဆရာဝန်ကြီး များက ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေသည့် အခြေအနေတို့ကို သွားရောက် ကြည့်ရှုခဲ့ပါသည်။ အဆိုပါဆေးကုသမှုအစီအစဉ်တွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက် ခြေနီတပ်ဖွဲ့တို့မှ တစ်တပ်တစ်အားပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့် ပြည်သူများ ကူးစက်ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးပြောကြားခဲ့ပါသည်။

    ထို့နောက် ပျော်ဘွယ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ပျော်ဘွယ်မြို့နယ်၊ အရှေ့လျှော်ဖြူကုန်းကျေးရွာ၊ မြို့ဦးဇေတဝန်တောင်ကျောင်း၌ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ အထူးကုဆရာ ဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေသည့် အခြေအနေတို့ကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့ရှိ ပျက်စီးသွားသော ဆေးရုံသုံးစက်ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဆိုပါစက်ပစ္စည်းများအား ကုသရေးဦးစီးဌာန၊ အင်ဂျင်နီယာများက ချက်ချင်း ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အတွက် အမြန်ပြန်လည်အသုံးပြုနိုင်ခဲ့သည့်အပြင် လူနာများ အတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည့်အတွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြသော ကုသရေးဦးစီးဌာနမှ အင်ဂျင်နီယာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

    ယခုကဲ့သို့ ရေဘေးသင့်မြို့နယ်များသို့ သွားရောက်ကာ ကွင်းဆင်းဆေးကုသမှုဆောင်ရွက် ပေးခဲ့ကြသော နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကလေးရောဂါ အထူးကုဆေးရုံ ကြီး-နေပြည်တော်၊ အရိုးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး-ရန်ကုန်၊ ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာမြို့၊ ပြည်သူ့ ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်းမြို့တို့မှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် (၂၉-၉-၂၀၂၄) ရက်နေ့တွင် လာရောက်ပြသခဲ့သော လူနာ စုစုပေါင်း (၁,၄၈၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့် ရေဘေးသင့်မြို့နယ် (၄၉) မြို့နယ်သို့ အထူးကုဆေးကုသရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၂၈-၉-၂၀၂၄)ရက်နေ့နှင့် (၂၉-၉-၂၀၂၄) ရက်နေ့များ၌ ရေဘေးသင့်ပြည်သူ စုစုပေါင်း (၃,၄၄၅)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags