မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the coordination meeting on strengthening activities for detection and response to COVID-19 acute respiratory disease

မကွေး၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပါသည်။

 

     ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဆွေးနွေးပွဲသို့ တက်ရောက်လာသော မကွေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ၊ သူနာပြုအုပ်၊ သူနာပြုဆရာမကြီးများ၊ သူနာပြုဆရာမများနှင့် ကုသမှုအထောက်အကုပြုပညာရှင် ဝန်ထမ်းများအား ဝန်ကြီးဌာနမှ Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေး ပြောကြားလိုပါကြောင်း၊

 

• မကွေးတိုင်းဒေသကြီးသည် ဧရိယာအကျယ်အဝန်းများပြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် လုပ်ကိုင်ခဲ့ကြကာ နေရပ်သို့ပြန်လာသူများ အများအပြားသည် မြို့နယ်အနှံ့အပြားသို့ ရောက်ရှိလျက်ရှိသော စာရင်းကို သုံးသပ်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၌ ဤရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နယ်စပ်မြို့များ၌ အရေးကြီးသည်နှင့်အလားတူ မကွေးတိုင်းဒေသကြီးအတွက်လည်း အရေးကြီးပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားကူးစက်မှုများ ဆက်လက်များပြားလျက်ရှိ နေပါကြောင်း၊

 

• မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူများ မတွေ့ရှိရသေးသော်လည်း အချိန်မရွေးလူနာများ ဖြစ်ပွားတွေ့ရှိ လာနိုင်ပါကြောင်း၊

• သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ရှိသော နှီးနွှယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် မိမိတို့၏ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဝန်ထမ်းများသည် စနစ်တကျချိတ်ဆက်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

 

• ထိုသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ လူနာများ ရုတ်တရက်ဖြစ်ပွားပေါ်ပေါက်ပါက သီးခြားထားရှိကုသမှုပေးရန်အတွက် မကွေးပြည်သူ့ဆေးရုံကြီး၌ အပြင် ယခု အသစ်ဆောက်လုပ်ပြီးစီးပြီး စတင်အသုံးမပြုရသေးသည့် ပြည်သူ့ဆေးရုံကြီးရှိ (၅) ထပ်ဆောင်သစ်၌ စီစဉ်ထားရှိသည်မှာ ကောင်းမွန်ပါကြောင်း၊

• ယခုကာလ၌ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများသည် ရောဂါ ထပ်မံပြန့်ပွားမှု မရှိစေရန် အရေးအကြီးဆုံးဖြစ်သည့်အတွက် အထူးကြတ်မတ်ကုသဆောင် (ICU) များတွင် လိုအပ် အသက်ရှုစက်များ၊ လူနာ၏အခြေအနေကို အချိန်နှင့်တစ်ပြေးညီစောင့်ကြပ်ကြည့်ရှုနိုင်သည့် စက်ကိရိယာများ အစရှိသည်တို့ကို ဗဟိုမှထပ်မံဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့်အစည်းအဝေးကို နေ့စဉ်ပြုလုပ်ကာ ကုသရေးဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ကပ်ရောဂါဗေဒ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အမြဲမပြတ် ပေးအပ်ခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အလုံးစုံသော ဤရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူးများသည် အဓိကညှိနှိုင်းကွပ်ကဲသူ (Chief Coordinator) များအဖြစ်လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး (TMO) များ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက လက်တွေ့မြေပြင် တွင်လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ပါ ကြောင်း၊

 

• ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ဆောင်ချက်များ၊ ဝန်ထမ်းများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများနှင့် ပြည်သူများအတွက် ကျန်းမာရေးအသိပေးနှိုးဆော်မှုများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) နှင့် ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊

• မကွေးတိုင်းဒေသကြီးရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ငန်းလမ်းညွှန်များနှင့် အညီလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများကို အမြဲမပြတ် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုလေ့လာသုံးသပ်၍ မိမိတို့၏ တိုင်းဒေသကြီး နှင့် လိုက်လျောညီထွေဖြစ်မည့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုပ်ဆောင်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ COVID-19 ရောဂါပိုး ဓာတ်ခွဲအဖြေရှာမှုကို ပြုလုပ်နိုင်နေပြီဖြစ်သဖြင့် စောင့်ကြည့်လူနာနှင့် သံသယလူနာများအား (၆) နာရီအတွင်း စစ်ဆေးအဖြေထုတ်နိုင်ပြီဖြစ်ပါကြောင်း၊

• မကွေးတိုင်းဒေသကြီးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ရှိ နှီးနွှယ်ဌာနများ၏ ပူးပေါင်းကူညီမှုများကိုတွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀၀) လျှင် (၈၀) ရာခိုင်နှုန်းမှာ မပြင်းထန်သောသာမာန်လက္ခဏာ (mild disease) ကိုသာခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့် ရောဂါ (severe disease) ခံစားရခြင်း၊ (၅) ရာခိုင်နှုန်းမှာ အထူးပြင်းထန်စွာရောဂါခံစားရခြင်း (critically ill) ဖြစ်ပွားသည်ဟု သိရှိရသည့် အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ရသည့် အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုရှိလာပါကလည်း ဤပုံစံအတိုင်းဖြစ်နိုင်ပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ပြည်သူများ အကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်ကို စိတ်နှလုံးသွင်း၍ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားကူးစက်မှုမရှိစေရေးနှင့် အကယ်၍ ရောဂါဖြစ်ပွားသူများရှိပါကလည်း ပြန့်ပွားကူးစက်မှုမရှိစေရေးနှင့် ထိခိုက်သေဆုံးမှု လျော့နည်းစေရေး ဆက်လက် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နေရာဒေသအလိုက်၊ ကျန်းမာရေးရှုထောင့်မှသာမက လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးကိုပါ ထည့်သွင်းစဉ်းစား၍ အသင့်တော်ဆုံးသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းဆုံးဖြတ်၍ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီအောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် COVID-19 ရောဂါ ဖြစ်ပွားမှုများအခြေအနေ၊ လက်ရှိနောက်ဆုံး ရှာဖွေတွေ့ရှိချက်များအပေါ်မူတည်၍ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေမှုများကိုလည်းကောင်း၊

 

ဒုတိယညွှန်ကြားရေးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့် အညီ ဆေးရုံများတွင် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊

 

ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်နေမှု နှင့် အသိပေးနှိုးဆော်မှုများကိုလည်းကောင်း၊

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က မကွေးတိုင်းဒေသကြီးအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို လည်းကောင်းအသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က မကွေးတိုင်းဒေသကြီးတွင် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရအဖွဲ့မှ ဆက်လက်ပံ့ပိုးသွားမည့် အစီအစဉ်များကို ပြောကြားခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags