ကျန်းမာရေးဝန်ကြီးဌာန၊ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တွေ့ဆုံခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီလ ၂၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်း များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၍ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနှစ်သစ် ၁၃၈၆ ခုနှစ်၊ နှစ်ဆန်းအခါသမယတွင် မင်္ဂလာရှိစွာဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို ရာထူးတိုးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင် စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ပေးရန်အတွက် ရာထူးတိုးမြှင့်ပေးခြင်းများကို အမြဲတမ်းစဉ်းစားစီစဉ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော်အကြီးအကဲမှ ကျန်းမာရေးကဏ္ဍနှင့်ပါတ်သက်၍ လမ်းညွှန်မှာကြားရာတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ပညာအရည်အချင်းပြည့်ဝသည့် လူ့စွမ်း အားအရင်းအမြစ်များစွာ လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ မွေး ထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အခြေခံကျလှပါကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ ကောင်း မွန်စွာပညာသင်ကြားနိုင်ပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ကြမည်ဖြစ်သည့်အတွက် ကျန်းမာရေး ကဏ္ဍအတွက် အဓိကကျသည့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူးကြိုးစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

 

ရာထူးတိုးမြှင့်ခြင်းဆိုရာတွင် မိမိတို့ရာထူးနှင့်ထိုက်တန်သည့် လုပ်ငန်းတာဝန်များကို ထမ်း ဆောင်ရမည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အလျောက် လိုအပ် ချက်များ၊ စိန်ခေါ်မှုများရှိမည်ဖြစ်ပြီး၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်၊ စိန်ခေါ်မှုများ ရှိသည့်အတွက် မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လိုအပ် ချက်များကို နိုင်ငံ့သားကောင်းပီသစွာဖြင့် မိမိတို့၏ တစ်နိုင်တစ်ပိုင်စွမ်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအလွှာအသီးသီးအတွက် စဉ်းစားပြီး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အရည်အသွေးပြည့်မီစေရန်အတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေး သုတေသန၊ တိုင်းရင်းဆေးနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးစသည့် လုပ်ငန်းများကို ကြိုး ပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ထမ်းများအတွက် စိတ်ချမ်းသာမှုရှိစေရန်နှင့် လုပ်ငန်းခွင် သာယာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

မိမိတို့ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း အထူးအလေးထား၍ ပြောကြားလိုပါကြောင်း၊

 

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင် စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့်ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန်လိုပါကြောင်း နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုရာထူးတိုးမြှင့်ခံရသူများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံနေရသည့် အဓိကကျသူများဖြစ်သောကြောင့် တိုင်းပြည်နှင့်ပြည်သူအတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း၊

     နိဂုံးချုပ်အနေဖြင့် မိမိတို့ကျန်းမာရေးဝန်ကြီး၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူ အားလုံးသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ပြီး ရောဂါဘယများ ကင်းရှင်းစေရန်အတွက် မိမိတို့ သင်ယူ တတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကြုံတွေ့ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ မိမိတို့ကာကွယ် စောင့်ရှောက်ပေးရသည့် လူနာများအပေါ် ကိုယ်ချင်းစာတရား ထားရှိပြီး မေတ္တာစေတနာအပြည့်ဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ထိထိ ရောက်ရောက် ပေးအပ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များမှ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ရာထူးတိုးမြှင့်ခန့် အပ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

     ယနေ့ မြန်မာနှစ်သစ် ၁၃၈၆ ခုနှစ်၊ နှစ်ဆန်းအခါသမယတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း(၁၆၀)ဦး၊ အမှုထမ်း(၄၇)ဦး၊ စုစုပေါင်း (၂၀၇)ဦးတို့ အား ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

More Tags