မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ ကျင်းပခဲ့သော မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက -

• မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များအနေဖြင့် ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှုစသည်တို့ ဖြစ်ပွားနိုင်သကဲ့သို့ ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းမရှိသော မြေငလျင်ဘေးအန္တရာယ်လည်း ဖြစ်ပွားနိုင်ပါကြောင်း၊

• ထိုသို့သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ် ပြီးနောက်တွင်လည်း ကူးစက်ရောဂါများအပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သဖြင့် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်းဖြင့် အဆိုပါကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်ပါကြောင်း၊

• ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင်လည်း ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးပြုလုပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သကဲ့သို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များ ချမှတ်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊

• မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center) ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့သကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း Public Health Emergency Operations Center ကို (၇-၅-၂၀၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ မုန်တိုင်းကြိုတင်သတိပေးကာလတွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ၊ မုန်တိုင်း တိုက်ခတ်ပြီး နောက် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်တည်ဆောက်မှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့် လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းကျရောက်ဖြစ်ပွားစဉ်နှင့် မုန်တိုင်းပြီးနောက် အခြေအနေများ အားလုံးတွင် ချက်ချင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ကူးစက်ရောဂါများ ကြီးမားသည့် ကပ်အသွင်ဖြစ်ပွားမှုမရှိခဲ့ခြင်းနှင့် ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်ခဲ့ခြင်းတို့သည် ကြိုတင်ပြင်ဆင်မှု၏ အကျိုးရလဒ်ကောင်းပင် ဖြစ်ပါကြောင်း၊

• ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများအနေဖြင့် အရေးပေါ်ကျန်းမာရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းအသင့်ပြင်ဆင်ထားရှိခြင်း၊ လေ့ကျင့်ခြင်းနှင့် ဆေးဝါးနှင့် ကိရိယာပစ္စည်းများအား ကြိုတင်စုစည်းထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိရမည် ဖြစ်ပါကြောင်း၊

 

• သဘာဝဘေးအန္တရာယ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ယခု (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ အစည်းအဝေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊

• ရှေ့ကာလများတွင် ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်သည့်အခါ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုဆန်းစစ်ခြင်း (risk assessment) များ ပြုလုပ်ကာ ရှေ့သို့မျှော်တွေးတွက်ဆပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း၊

• သဘာဝဘေးကျရောက်သည့် နေရာဒေသများတွင် ဖွင့်လှစ်သည့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော ယာယီစခန်းစီမံခန့်ခွဲမှု လုပ်ငန်းလမ်းညွှန်များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းများသည် လုပ်ရိုးလုပ်စဉ်ဆောင်ရွက်မှုများဖြစ်သော်လည်း ယခင်လုပ်ဆောင်ခဲ့မှုများမှ အတွေ့အကြုံနှင့်သင်ခန်းစာများကို ရယူကာ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• လက်ရှိအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၌ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သည့် သတင်းပေးပို့စနစ်နှင့် စီမံခန့်ခွဲမှုအား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မိုးရာသီအချိန်တွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊

• နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဖြစ်ပွား နိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ မတူညီသည့်အတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ထားသင့်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကျန်းမာရေးဌာန တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌဦနများမှ တာဝန်ရှိသူများနှင့် လိုအပ်သလို ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းဆောင်ရွက်မှုများအတွက် ထပ်မံလိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊

• မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ်မိုးလေဝသသတင်းထုတ်ပြန်ချက်များကို လည်း မျက်ခြေမပြတ် စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း၊

• ယနေ့ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်များ ထူးခြားစွာ ဖြစ်ပေါ်မှုသတင်းများအား စောင့်ကြပ် ကြည့်ရှုကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမှာပဲဖြစ်ပါကြောင်း၊

• သဘာဝဘေးအန္တရာယ်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် ပြည်သူများ အတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာဖြင့် အားထုတ် ကြိုးပမ်းကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊

• ယနေ့အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ကြစေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားပါသည်။

     ဆက်လက်၍ (၂၀၂၃) ခုနှစ်အတွင်းနှင့် (၂၀၂၄) ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန် ဆောင်ရွက်ရေးဌာနခွဲက ရှင်းလင်းတင်ပြပါသည်။

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ဖြစ်ပွားခဲ့သော သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင် ကျန်းမာရေး ကဏ္ဍဆောင်ရွက်ခဲ့မှုများ၊ အတွေ့အကြုံကောင်းများနှင့် လာမည့်မိုးရာသီကာလအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် လိုအပ်ချက်များအား ဆွေးနွေး ပြောကြားပါသည်။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများအတွက် ဆွေးနွေး အကြံပြုခြင်းများကို ဆောင်ရွက်ကြပါသည်။

    ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

More Tags