ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ  ၂၈  ရက်

          နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၌ မတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။


 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့တွင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး၍ ခွဲစိတ် ကုသမှုခံယူသည့် ကလေးများကို အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် အရုပ်များ လက်ဆောင် ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပါသည်။


 


မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသမှုကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ‌ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လူနာ (၃၈)ဦးကို  ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။


 


ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို အားဖြည့်ဆောင်ရွက်လျက်ရှိရာ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့များသည် ပြည်ပပညာရှင် များနှင့် ပူးပေါင်း၍ တိုင်း‌ဒေသကြီး/ပြည်နယ်များသို့ အလှည့်ကျသွားရောက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း နေပြည်တော်၊ မကွေး၊ ညောင်ဦး၊ မြစ်ကြီးနား၊ ပဲခူး၊ မော်လမြိုင်နှင့် ပြည်မြို့တို့၌ ဆောင်ရွက်ပြီးဖြစ်ကာ လူနာ စုစုပေါင်း (၁၈၇)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၌ ပုံမှန်ခွဲစိတ်ကုသမှုများအပြင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခြေခံကျန်းမာရေးဝန်ထမ်းများမှတစ်ဆင့် ရှာဖွေကာ လူနာတွေ့ရှိမှုအခြေအနေအရ ဦးစားပေး ဒေသများ သတ်မှတ်၍ ကွင်းဆင်း ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



 

 


 
 

More Tags