၂၀၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၅)ခု ထပ်မံရရှိ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့

     မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀) နာရီ အချိန်မှစ၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အဆင်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာ၀န်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့၀င်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

 

     ရှေးဦးစွာ ပီတန်းအားကစားကွင်း၌ အမျိုးသားTriples ပီတန်းဆီးမီးဖိုင်နယ်ပြိုင်ပွဲတွင် ထိုင်း အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရာ ထိုင်းအသင်းမှ (၁၃)မှတ် (၈)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါ သည်။ ကရာတေးအားကစားရုံတွင် ကရာတေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး(-၅၀) ကီလိုတန်း တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် သဇင်အေး(မြန်မာ)မှ ပထမ၊ ရွှေရည်၀င်း(မြန်မာ)မှ ဒုတိယ၊ ကမ္ဘောဒီးယား နှင့် လာအိုတို့မှ ပူးတွဲ တတိယကိုလည်းကောင်း၊ အမျိုးသမီး(-၅၅) ကီလိုတန်း တစ်ဦးချင်း ကုမိတဲ့ ပြိုင်ပွဲတွင် ဗီယက်နမ်မှ ပထမ၊ အင်ဒိုနီးရှားမှ ဒုတိယ၊ မေမြန်မာ ညွန့်ဦးခင်(မြန်မာ)နှင့် ထိုင်းတို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသား(-၆၀)ကီလိုတန်း တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် အောင်ခင်စစ်(မြန်မာ)မှ ပထမ၊ ထိုင်းမှ ဒုတိယ၊ ကျော်ဇင်ထက် (မြန်မာ)နှင့် အင်ဒိုနီးရှားမှ ပူးတွဲ တတိယကိုလည်းကောင်း၊ အမျိုးသား(-၆၇)ကီလိုတန်း တစ်ဦးချင်း ကုမိတဲ့ ပြိုင်ပွဲတွင် မလေးရှားမှ ပထမ၊ ထိုင်းမှ ဒုတိယ၊ အောင်သော်ဇင်သိန်းစိုး (မြန်မာ)နှင့် ကမ္ဘောဒီးယားတို့မှ ပူးတွဲတတိယကို လည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုရရှိသူများ အား ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံကရာတေး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ၀င်းဇော်၊ ဒုတိယဥက္ကဌနှင့် တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

     ဆက်လက်၍ ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းမှ မြန်မာအသင်းကို (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြားပစ်အားကစားကွင်းတွင် မြားပစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး Compound Team ပြိုင်ပွဲတွင် မလေးရှားအသင်းမှ ပထမနှင့် မြန်မာအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသမီးRecurve Team ပြိုင်ပွဲတွင် မလေးရှားအသင်းမှ ပထမ၊ စင်ကာပူအသင်းမှ ဒုတိယနှင့် မြန်မာအသင်း မှ တတိယကိုလည်းကောင်း၊ အမျိုးသားRecurve Teamပြိုင်ပွဲတွင် မလေးရှား အသင်း မှ ပထမ၊ အင်ဒိုနီးရှားအသင်းမှ ဒုတိယနှင့် မြန်မာအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ ပြီး ဆုရရှိသူများအား ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

     ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး တစ်ကိုယ်တော် ဓါးတစ်လက်အပြပြိုင်ပွဲတွင် မေဟန်နီအောင်(မြန်မာ)မှ ပထမ၊ ဗီယက်နမ်မှ ဒုတိယ နှင့် ကမ္ဘောဒီးယားမှ တတိယကိုလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ လက်နက်အပြ ပြိုင်ပွဲ တွင် မြန်မာအသင်းမှ ပထမ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ ပူးတွဲဒုတိယကိုလည်းကောင်း၊ အမျိုးသား တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် ရာဇာထွန်း(မြန်မာ)မှ ပထမ၊ အင်ဒိုနီးရှားမှ ဒုတိယနှင့် ကမ္ဘောဒီးယား မှ တတိယကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲအပြပြိုင်ပွဲတွင် လာအိုမှ ပထမ၊ ရာဇာထွန်း+ချစ်နိုဒီဆောင်းအတွဲ (မြန်မာ)မှ ဒုတိယနှင့် ကမ္ဘောဒီးယားမှ တတိယကို လည်းကောင်း အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများကို ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

     ဆက်လက်၍ ဘက်စကတ်ဘော၊ စစ်တုရင်၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရှိရပါသည်၊၊ ယနေ့ညနေပိုင်းအထိ ပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၂၄)ခု၊ ငွေတံဆိပ်(၂၂)ခု၊ ကြေးတံဆိပ် (၂၅)ခုဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။

 

 

More Tags