အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ (၂၀၁၈) ကျင်းပ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့

     "ခွဲခြားဆက်ဆံမှုပပျောက်ဖို့ ဝိုင်းဝန်းလက်တွဲဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ - ၂၀၁၈ ကို ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၊ နေပြည်တော်၌ စတင်ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညီလာခံသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အနာကြီးရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေးပြခန်းများကို ကြည့်ရှု အားပေးသည်။

 

     ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် -

• နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ယနေ့အခမ်းအနားသို့ ကြွရောက်၍ အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ခြင်းသည် လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းများ အပါအဝင် လုပ်ငန်းပါဝင် ဆောင်ရွက်သူများအားလုံးကို စိတ်ခွန်အား တက်ကြွစေပါကြောင်း၊

• အနာကြီး ရောဂါသည်များအား အယူအဆလွှဲမှားစွာဖြင့် ခွဲခြားဆက်ဆံခံရမှု (stigma and discrimination)များ လျော့နည်းပပျောက်ရေးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားခဲ့သည့် အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

• ယနေ့ အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံကျင်းပနိုင်ရေးအတွက် အဓိက ကူညီပံ့ပိုးပေးခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အနာကြီး ရောဂါတိုက်ဖျက်ရေး သံတမန်ဖြစ်သူ The Nippon Foundation ၏ ဥက္ကဌ Mr. Yohei Sasakawa ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• အနာကြီးရောဂါပပျောက်ရေး ခြေလှမ်းသည် အနာကြီးရောဂါဝေဒနာရှင်များအား ပြည်သူလူထုက ခွဲခြားဆက်ဆံမှု မရှိမှသာ အလွန်လျင်မြန်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံး အနာကြီးရောဂါ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊

 

• Mr. Yohei Sasakawa ပြောကြားခဲ့သည့် အနာကြီးရောဂါတိုက်ဖျက်ရေး အောင်မြင်ရေးအတွက် အဓိကအရေးကြီးသော အချက်များအနက် -

- (က) နိုင်ငံတော် အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုရရှိရန်၊

- (ခ) ပြည်သူလူထုအတွင်း မှန်ကန်သော အသိပညာများစိမ့်ဝင်ရေးအတွက် သတင်းမီဒီယာအားဖြင့် ဆောင်ရွက်ရန်၊

- (ဂ) ဆောင်ရွက် လျက်ရှိသော လုပ်ငန်းအောင်မြင်မှုများရေရှည် တည်တံ့ထိန်းသိမ်းနိုင်ရန်အတွက် နှီးနွယ်ဝန်ကြီးဌာန၊ NGO/INGO များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် တို့ ပါဝင်ပါကြောင်း၊

 

• အနာကြီးရောဂါ ကုသသောဆေးဖြစ်သည့် MDT (multi drug therapy) ဆေးပေါင်းအား (၂၀ဝ၀)ပြည့်နှစ်မှ စ၍ပံ့ပိုးလှူဒါန်းခဲ့သော Novartis ဆေးကုမ္ပဏီကို ကျေးဇူးတင်ရှိပါကြောင်း၊

• အနာကြီးရောဂါနှင့်ပတ်သက်သည့် မှန်ကန်သည့် အသိပညာ ဗဟုသုတများ ဖြန့်ဝေခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး ထပ်မံအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အနာကြီးရောဂါသည် လူတစ်ဦးနှင့်တစ်ဦး ခဏတာကာလအတွင်း မကူးစက်နိုင်သကဲ့သို့ စောစီးစွာသိရှိ၍ ကုသမှုခံယူပါက ပျောက်ကင်းသည့် ရောဂါဖြစ်သော်လည်း လူနာများနှင့် မိသားစုအသိုင်းအဝိုင်းသည် ရှက်ရွံ့မှုများနှင့် ကြောက်ရွံ့များကြောင့် စောစီးစွာ အချိန်မီ ကုသမှုခံယူနိုင်ခြင်းမရှိသည်များ ရှိပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေပေးလျက်ရှိသည့် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါ ဖြစ်ပွားမှု ဆိုင်ရာ အချက်အလက်များကို စစ်တမ်းကောက်ယူခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊

• အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ရောဂါဖြစ်ပွားသူများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များသာမက လူမှုစီးပွားဆိုင်ရာ လိုအပ်ချက်များကိုပါထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပိုမိုပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊

 

• ထိုသို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများပြုလုပ်ရာတွင် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်များ ရှင်းလင်းစွာ ခွဲဝေသတ်မှတ်၍ စနစ်တကျဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများ ဘက်မှ စဉ်းစားရန် လိုအပ်ပါကြောင်း၊ မိမိနှင့် မိမိသားသမီးသာ အနာကြီးရောဂါဖြစ်ပွားပါက မည်သို့သော ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုနှင့် ပေါင်းသင်းဆက်ဆံရေး ခံယူလိုသည်ကို စဉ်းစား၍ မိမိတို့အနေဖြင့် စောင့်ရှောက်မှုပေးအပ်ရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင်လည်း (၂၀ဝ၃)ခုနှစ်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူဦးရေ (၁၀ဝ၀ဝ)တွင် ရောဂါဖြစ်ပွားသူ (၁)ဦးထက်နည်းပါးကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနာကြီးရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်ပြည့်မီသော်လည်း အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတိုင်းအတာတွင်မှု များပြားလျက်ရှိပါကြောင်း၊

• အနာကြီးရောဂါ လူနာအသစ်များသည် နှစ်စဉ် (၃၀ဝ၀)ခန့် အသစ်တွေ့နေရဆဲဖြစ်ခြင်းနှင့် အနာကြီးရောဂါ ကိုယ်အင်္ဂါချို့ယွင်းမှုအဆင့် (၂) ဖြစ်ပွားမှုများသည် ကလေးငယ်များတွင် တွေ့ရှိရဆဲဖြစ်ခြင်း တို့ကြောင့် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန် ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ကို ညွှန်ပြနေခြင်းဖြစ်ပါကြောင်း၊

• သို့ဖြစ်ပါ၍ ရောဂါဖြစ်ပါပွားမှု အဓိကသော့ချက် နေရာများ (pocket areas) တွင် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊

 

• ဖွဲ့စည်းထားသည် အနာကြီးရောဂါတိုက်ဖျက်ရေး ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Group) မှ ပေးအပ်လာသည့် အကြံပြုချက်များကို အထူးအလေးပေး စဉ်းစားသွားမည်ဖြစ်ပါကြောင်း၊

• မိမိတို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ (National Leprosy Control Strategy 2019-2023) ကို ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊

• အဆိုပါ မဟာဗျူဟာကိုလည်း မိမိတို့တွင် ရှိသည့် လူစွမ်းအားအရင်းအမြစ်၊ ဆောင်ရွက်နိုင်သည့် အရည်အချင်းနှင့် လက်တွေ့တွင် အမှန်တကယ်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိသုံးသပ်၍ ပိုမိုကောင်းမွန်ပြည့်စုံစေရန် မွမ်းမံသွားရမည်ဖြစ်ပါကြောင်း၊

• အနာကြီးရောဂါ လုံးဝ ကင်းစင်ပပျောက်သည့် မြန်မာနိုင်ငံ (Leprosy Free Myanmar) ဖြစ်လာစေရေးအတွက် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama က အမှာစကားပြောကြားရာတွင် -

• အနာကြီးရောဂါ ဖြစ်ပွားသူများအား နားလည်မှုလွဲမှားစွာဖြင့် ခွဲခြားဆက်ဆံခံရမှုများ သည် မြန်မာနိုင်ငံတွင် သာမက ဂျပန်နိုင်ငံ၏ သမိုင်းတွင်လည်းရှိခဲ့ပါကြောင်း၊

 

• ထိုသို့ ခွဲခြားဆက်ဆံခံရမှုများ ပပျောက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊

• မြန်မာနိုင်ငံတွင် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ အပါအဝင် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ယင်းနောက် အနာကြီးရောဂါ ဝေဒနာသည်များအား အယူအဆ လွှဲမှားစွာဖြင့် ခွဲခြား ဆက်ဆံခံခဲ့ရမှုများအား မှတ်တမ်းတင် ရုပ်သံကို ပြသခဲ့ပါသည်။

The Nippon Foundation ၏ ဥက္ကဌ Mr. Yohei Sasakawa က မြန်မာနိုင်ငံ၏ အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ၎င်း၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြောကြားရာတွင် -

• အနာကြီးရောဂါဖြစ်ပွားမှုသည် မျိုးရိုးလိုက်ခြင်းကြောင့်လည်းမဟုတ်၊ အတိတ်ဘဝက မကောင်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဝဋ်လိုက်ခြင်းလည်းမဟုတ်၊ လွယ်ကူစွာကူးစက်နိုင်သော ရောဂါလည်းမဟုတ်ပါကြောင်း၊

• ရောဂါ၏ လက္ခဏာများရှိပါကလည်း အခမဲ့ရရှိနိုင်သည့် ဆေးဝါးများဖြင့် စောစီးစွာ ကုသမှုခံယူခြင်းဖြင့် ပျောက်ကင်းနိုင်သည့်အပြင် ရောဂါ၏ နောက်ဆက်တွဲ အဖြစ် ကိုလက်အင်္ဂါချို့တဲ့ခြင်းများလည်း မဖြစ်ပွားနိုင်တော့ပါကြောင်း၊

• ရောဂါဖြစ်ပွားမှု များပြားသည့် ဒေသများတွင် နေထိုင်သည့် ပြည်သူများသည် မိမိကိုယ်ကို သတိပြုစောင့်ကြည့်ရန် လိုအပ်ပြီး အရေပြားပေါ်တွင် ပုံမှန်မဟုတ်သည့် အဖြူကွက်ငယ် လေးများ ဖြစ်ပေါ်လာပါက ရှက်ရွံ့ခြင်းမရှိဘဲ နီစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပြသစစ်ဆေး ခံရန်လိုအပ်ပါကြောင်း၊

• ယနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံတွင် အနာကြီးရောဂါပပျောက်ရေးအတွက်နှင့် ရောဂါသည်များ ခွဲခြားဆက်ဆံမှုခံရခြင်းမှ ကင်းဝေးစေရေး အတွက် ပြင်းပြသည့် စိတ်ဆန္ဒအား မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရခြင်းအပြင် ယခုကဲ့သို့ ညီလာခံကြီးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျင်းပပေးခြင်းနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်ခြင်းတို့ကြောင့် မကြာမီကာလ မြန်မာနိုင်ငံတွင် အနာကြီးရောဂါ လုံးဝကင်းစင်မှု ရရှိလိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

   

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်က မြန်မာနိုင်ငံတွင် အနာကြီးရောဂါဖြစ်ပွားမှု လက်ရှိ အခြေအနေ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တွေကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Global Leprosy Program အဖွဲ့ခေါင်းဆောင် Dr. Erwin Cooreman က ကမ္ဘာ့အနာကြီးရောဂါဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် သတင်းစာရှင်းလင်းပွဲကို ဆက်လက် ကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ Mr. Yohei Sasakawa၊ Technical Advisory Group အဖွဲ့ဝင် ဒေါက်တာကျော်ညွှန့်စိန်၊ Dr. Erwin Cooreman၊ အနာကြီးရောဂါတိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာချန်ထွန်းအောင် တို့က ဖြေကြားရှင်းလင်းခဲ့ကြပါသည်။

     အဆိုပါ ညီလာခံကြီးတွင် Panel Discussion များ၊ အနာကြီးရောဂါဖြစ်ပွားခဲ့ပြီး ကုသပျောက်ကင်းခဲ့သူများမှ အတွေ့အကြုံနှင့် ဇာတ်ကြောင်းများ ရှင်းလင်းပြောကြားခြင်းများနှင့် ဆွေးနွေးပွဲများ ပါဝင်ပြီး ဒီဇင်ဘာ ၁၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ကာ အနာကြီးရောဂါဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

     အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ နှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ အနာကြီးရောဂါဆိုင်ရာကျွမ်းကျင်မှုဆိုင်ရာ နည်းပညာအကြံပေးပညာရှင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးပညာရှင် များ တက်ရောက်ကြသည်။

 
 

More Tags