လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Converge) ဆိုင်ရာ အဆင့်မြင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends the high-level meeting on UHC and related meetings

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၂၂-၉-၂၀၁၉) မှ (၂၅-၉-၂၀၁၉) ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Converge - UHC) ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက် ခဲ့ပြီး စက်တင်ဘာလ (၃၀) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ပါသည်။

     နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် Stop TB Partnership မှ Executive Director ၏ ဖိတ်ကြားချက်အရ (၂၂-၉-၂၀၁၉) ရက်နေ့၌ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များ၊ ပညာရှင်များ၊ တီဘီရောဂါဖြစ်ပွားပြီး ပျောက်ကင်းခဲ့သူများ၊ လူမှုအဖွဲ့အစည်းများ၊ လူမှုခေါင်းဆောင်များ၊ အလှူရှင်များ၊ ကျွမ်းကျင်ပညာရှင်များ အားလုံးပါဝင်၍ တီဘီရောဂါပပျောက်ရေးလုပ်ငန်းများတွင် ဆန်းသစ်တီထွင်သော နည်းလမ်းများဖြင့်ဆောင်ရွက်မှုများအတွက် ဆွေးနွေးရန် ရည်ရွယ်ကျင်းပသည့် TB Innovation Summit 2019 သို့တက်ရောက်ခဲ့ပြီး ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့်အတူ တီဘီရောဂါအဖြစ်များသော နိုင်ငံများ တွင် ဆန်းသစ်တီထွင်သောဂေဟစနစ်ကို တည်ထောင်၍ တီဘီရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရေး (Building an Inclusive entrepreneurial and innovation ecosystem in TB and Global health, including in high TB burden countries) စားပွဲဝိုင်းဆွေးနွေးပွဲသို့ ဟောပြောသူ (speaker) တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် -

• ဆန်းသစ်တီထွင်သော ဂေဟစနစ် (Innovation ecosystem) တည်ထောင်၍ လူနာ၊ ကျန်းမာရေး စောင့်ရှောက်မှုနည်းပညာရပ်ဆိုင်ရာ လုပ်ငန်း ရှင်နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတို့ အတူညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• လုပ်ငန်းရှင်များအနေဖြင့် ခေတ်ပေါ်စက်ပစ္စည်းများတီထွင်ရောင်းချရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် စဉ်းစားဆောင်ရွက်ပေးစေလို ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် မဖွံ့ဖြိုးသေး သော တိုင်းပြည်နိုင်ငံများအနေဖြင့် မြို့ပေါ်ရှိ အထူးကုဆရာဝန်ကြီးများမှ ရောဂါရှာဖွေ အမည်တတ် ပေးနိုင်မည့် အသိဉာဏ်တု (Artificial Intelligence) နည်းပညာများနှင့် ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေခြင်း (teleradiology)နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (telemedicine) တို့ကို ပိုမိုလိုအပ် ပါကြောင်း၊
• မြန်မာနိုင်ငံ၌ Mobile Tablet များဖြင့် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS - 2) ကို အသုံးပြု၍ တီဘီရောဂါဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ တီဘီ ရောဂါနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါကြောင်း၊
• အဆိုပါ Mobile Tablet များကို အသုံးပြု၍ အခြေခံကျန်းမာရေးဝန်ထမ်း (၁)ဦး အနေဖြင့် တီဘီရောဂါလူနာတစ်ဦးအား တွေ့ရှိသည့်အခါ မှန်ကန်သည့် ကျန်းမာရေးအသိပညာပေး သတင်းအချက်အလက်များ ပြောကြားနိုင်မည်ဖြစ်သည့်အပြင် ဆေးကုသမှုခံယူနေစဉ်အတွင်း ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်မှုဖြင့် ကုသမှုအောင်မြင်သည်အထိ လွယ်ကူစွာ ဆက်သွယ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊
• တီဘီရောဂါကာကွယ်နှိမ်နှင်းရာတွင် လူထု၏ကျန်းမာရေး အသိဉာဏ်အဆင့်အတန်း မြှင့်မား ရန်လို အပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် Mobile Tablet များ အသုံးပြု၍ ပြည်သူ များ၏ ကျန်းမာရေး အသိပညာဗဟုသုတများကြွယ်ဝရေးကို အလေးပေးဆောင်ရွက် လျက်ရှိပါ ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယူးယောက်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံ၍ နယူးယောက်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းက မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် American Heart Association မှ ထုတ်ပြန်ထားသော ကုသရေး လမ်းညွှန်များနှင့်အညီ နှလုံးရောဂါ အရေးပေါ်အခြေအနေများ ပြုစုကုသရေးဆိုင်ရာ သင်တန်းများအား ဆေးတက္ကသိုလ် (၂) နှင့် ဆေးတက္ကသိုလ် (မန္တလေး) တို့တွင် ဆောင်ရွက်လိုသည့် ကိစ္စနှင့် သင်တန်းနှင့် ဆက်စပ်သည့် ပစ္စည်းများပေးအပ်လှူဒါန်းမည့် ကိစ္စတို့ကိုတင်ပြလာမှုအပေါ် အသေးစိတ်ညှိနှိုင်း၍ ဖြည့်ဆည်း ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

     ထို့အပြင် အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် အတွေ့အကြုံများမျှဝေခြင်းတို့ကို ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံဆေးကောင်စီနှင့် ညှိနှိုင်းမည့်ကိစ္စရပ်များ ကိုအသေးစိတ် ဆွေးနွေးခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝါရှင်တန်ဒီစီအခြေစိုက် FHI 360 အဖွဲ့မှ အမှုဆောင်အရာရှိချုပ် နှင့်တွေ့ဆုံရာ၌ FHI 360 အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌ ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်မှုနေရာ ဒေသများ တိုးချဲ့လိုသည့်ကိစ္စ၊ နားလည်မှုစာချွန်လွှာသက်တမ်းတိုးရေး ကိစ္စနှင့် FHI 360 အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် တီဘီနှင့် အခြားကူးစက်ရောဂါများဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းလိုသည့် ကိစ္စရပ်များတင်ပြလာခဲ့မှုအပေါ် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် (၂၃-၉-၂၀၁၉) ရက်နေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်သည့် High Level meeting on UHC သို့တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲသို့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly) ၏ ဥက္ကဋ္ဌ H.E Mr. Tijjani Muhammad Bande၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhauon Ghebreyesus ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Mr. David Robert Malpass နှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) လုပ်ငန်းများကို အားပေးလုပ်ဆောင်လျက်ရှိသည့် ယခင်နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း Dr. Gro Brundtland တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်သော နိုင်ငံများမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ကျန်းမာရေးဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

 

     မြန်မာနိုင်ငံကိုယ်စားပြုမိန့်ခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုအခမ်းအနားတွင် ကမ္ဘာ့နိုင်ငံအများစုမှ လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) ရရှိရေးဆောင်ရွက်နေမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုများကို တွေ့ရှိရပါကြောင်း၊
• မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ ဆောင်ရွက်လျက်ရှိသော လူတိုင်းလက်လှမ်းမီ လွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိရေး ကြိုးပမ်း အားထုတ်မှုများ၏ အတွေ့အကြုံ၊ နည်းဗျူဟာများ၊ အခက်အခဲများကို မိမိတို့နိုင်ငံ အခြေအနေနှင့် နှိုင်းယှဉ်ကာ အကောင်းမွန်ဆုံးသော မဟာဗျူဟာနှင့် နည်းလမ်းများကိုချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားလျက်ရှိပါကြောင်း၊
• ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်တိကျစွာ အချိန်မီ ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ရေးဆွဲထားရှိသော အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ဖြင့် အခြေခံမရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်း လက်လှမ်းမီရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ရန် ကြိီးကြပ်ကွပ်ကဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်း ထားရှိပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊
• လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ကျန်းမာရေးအဆင့်မြှင့်တင်ရေးသည် အဓိကနေရာမှ ပါဝင် သဖြင့် ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ စာအုပ်ကိုထည့်သွင်းထားပြီး အင်တာနက် ကွန်ရက်နှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် Mobile Tablet များကို အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များထံဖြန့်ဝေပေး လျက်ရှိရာ (၂၀၁၉) ခုနှစ်၊ နိုဝင်လာလကုန်တွင် Mobile Tablet (၂၆,၀၀၀) အထိပေးအပ်သွားနိုင်မည်ဖြစ်ပါကြောင်း၊
• အဆိုပါ Mobile Tablet များတွင် မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတင်းအချက် အလက်များ၊ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းထားပြီး လိုအပ်ပါ ကလည်း ဗဟိုမှ ထပ်မံထည့်သွင်းပေးနိုင်ကာ ၎င်း Mobile Tablet များကို အသုံးချ၍ အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များ အနေဖြင့် ကျေးလက်တောရွာဒေသများတွင်ပါ ကျန်းမာရေး စကားဝိုင်းငယ်များ ပြုလုပ်လျက်ရှိ ပါကြောင်း၊ အဆိုပါ Mobile Tablet များကို လုပ်ငန်း စွမ်းဆောင်ရည်များမြင့်မားစေရန် အသုံးချဆောင်ရွက်နိုင်ပါကြောင်း၊
• ထို့အပြင် သုတေသနလုပ်ငန်းများ၊ မှတ်တမ်းကောက်ယူမှုများကို အဆိုပါ Mobile Tablet များမှ တဆင့်လျင်မြန်စွာဆောင်ရွက်နိုင်သဖြင့် များစွာအကျိုးရှိပါကြောင်း၊ ဗဟိုနှင့် အောက်ခြေချိတ်ဆက် မှုကောင်းခြင်း အစရှိသည့်အကျိုးကျေးဇူးများလည်းရရှိနိုင်ပါကြောင်း၊
• “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့မှသာ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများ ဖြစ်ပွားမှုကို လျော့ချနိုင်ပြီး ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များလည်း လျော့ကျလာမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် မကူးစက်တတ်သောရောဂါများ စစ်ဆေးကုသမှု ဆေးခန်းများဖြင့် သွေးတိုးနှင့် ဆီးချိုရောဂါများကို စစ်ဆေးစမ်းသပ်ကာ ကုသမှုပေးအပ် လျက်ရှိပါကြောင်း၊
• ယခုအစည်းအဝေးမှ ပြောကြားခဲ့သည့် ကတိကဝတ်များ၊ ကြေညာချက်များကိုလည်း လိုက်ပါ အကောင်အထည်ဖော်ပြီး မိမိတို့နိုင်ငံ၌ လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) ရရှိရေးဆက်လက်ကြိုးပမ်း သွားမည် ဖြစ်ပါကြောင်း၊
• မိမိတို့နိုင်ငံအနေဖြင့် အားလုံး၏ ပူးပေါင်းပါဝင်မှု၊ ကြိုးစားဆောင်ရွက်မှုများဖြင့် ရှေ့၌တားဆီး နေသော အခက်အခဲများကို အခွင့်အရေးအဖြစ်ပြောင်းလဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Business Council for International Understanding မှ ကျင်းပပြုလုပ် သည့် ရေရှည်တည်တံ့သည့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အရှိန်အဟုန်မြှင့်တင်မှု - မကူးစက်တတ်သောရောဂါများအတွက် ကုသစောင့်မှု များကို ပိုမိုလက်လှမ်းမီရရှိရေး (Accelerating Sustainable UHC: Improving Access to Non-Communicable Disease (NCDs) care) အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကတင်ပြဆွေးနွေးရာတွင် -

• မကူးစက်တတ်သော ရောဂါအများစုသည် လူများ၏ နေ့စဉ်သွားလာ/ စားသောက် နေထိုင် ဆောင်ရွက်ပုံများနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် ကျန်းမာရေးနှင့်သင့်လျော်သည့် နေထိုင် စားသောက်ပုံအတိုင်း ပြုမှုကျင့်ကြံရန် လိုအပ် ပါကြောင်း၊ ထိုသို့ နေထိုင်စားသောက်ရန်အတွက် လူထု၏ ကျန်းမာရေးအသိရှိမှု၊ သတိပြုမှုသည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးအသိမြင့်မား ပါက ရောဂါဖြစ်ပွားမှုနည်းပါးမည်ဖြစ်ပါကြောင်း၊
• ရောဂါဖြစ်ပွားမှုများနည်းပါးလာခြင်းဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီသော ကျန်းမာရေးစောင့်ရှောက် မှုကို ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

     ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် (၂၄-၉-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် General Electronic ၏ ဥက္ကဋ္ဌ၊ အရာရှိကြီးများတို့နှင့် တွေ့ဆုံ၍ လူနာဘေးကင်းလုံခြုံမှု (Patient Safety)၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး (Quality Health Care)၊ ဆေးပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းမှု(Maintenance and Services of Medical Equipment)၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ် (Biomedical Engineering)၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု (Supply Chain Management) နှင့် ခေတ်မီဆက်သွယ်ရေး နည်းပညာ အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Telemedicine) လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါနေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် One Sight Foundation ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ နှင့်တွေ့ဆုံ၍ အမြင်အာရုံချို့ယွင်းနေသူများအကြား၊ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအတွင်း အမြင်အာရုံချို့တဲ့မှု စောစီးစွာသိရှိ ကုသပေးနိုင် ရေး၊ အထူးသဖြင့် လူတိုင်းလက်လှမ်းမီနိုင်မည့် မျက်စိဆေးခန်း (Vision Center) များ မြန်မာနိုင်ငံ၌ ဖွဲ့စည်း ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွား နိုင်ရေးနှင့် ရှေ့ပြေးစီမံချက်လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖေါ် ဆောင်ရွက်နိုင် ရေး ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Eliminating Poor Vision in a generation ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးခဲ့ရာတွင် -

• မြန်မာနိုင်ငံရှိ ကျောင်းသား/ ကျောင်းသူများအတွင်း အရေအတွက် မည်မျှသည် အမြင် အာရုံချို့ တဲ့မှုရှိသည်ကို မသိရှိရသေးကြောင်း၊
• မိမိတို့ ကျောင်းသား/ ကျောင်းသူများအတွင်း အမြင်အာရုံချို့ယွင်းအားနည်းမှု (Refractive Error) ရှိ/ မရှိ အမြန်ဆုံး စမ်းသပ်ပေးပြီး စနစ်တကျ ကုသပေးရန်လိုအပ်ပါကြောင်း၊
• သို့ဖြစ်ပါ၍ One Sight Foundation ကဲ့သို့သော အလှူရှင် (charity) အဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် KIRK Humanitarian အဖွဲ့၏ ဥက္ကဋ္ဌနှင့် Program Director တို့နှင့် တွေဆုံရာ၌ ယခုလတွင် မြန်မာနိုင်ငံမှကိုယ်ဝန်ဆောင်များအတွက် KIRK Humanitarian အဖွဲ့မှ ပေးပို့သော တစ်ဗူးလျှင် ကိုယ်ဝန်ဆောင်တစ်ဦး (၆) လသောက်သုံးနိုင်သည့် ကိုယ်ဝန်ဆောင်အားဆေးဗူးပေါင်း (၂၄၀,၀၀၀) ကို ရရှိ၍ စတင်ဖြန့်ဝေလျက်ရှိမှုကြောင်း ပြောကြားခဲ့ပြီး KIRK Humanitarian အဖွဲ့က အဖွဲ့အနေဖြင့် ဆေးဝါးများ မြန်မာနိုင်ငံသို့ဆက်လက်၍ပေးပို့မည်ကို ကတိပြုပါကြောင်းနှင့် ကိုယ်ဝန်ဆောင်များနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း တင်ပြလာမှုအပေါ် လက်ခံကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၂၅-၉-၂၀၁၉) ရက်နေ့ တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) တွင်ပါရှိသော ကမ္ဘာလုံးဆိုင်ရာပန်းတိုင်များ အောင်မြင်ရရှိစေရေးရည်ရွယ်၍ Bill and Melinda Gates Foundation မှ ကြီးမှူးဖွဲ့စည်းထားသည် Goalkeepers မှ ကျင်းပသည့် Goalkeepers 2019 program သို့ တက်ရောက်ခဲ့ပြီး အဆိုပါရည်မှန်းချက်များကို ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံအား Goalkeepers အဖြစ်သတ်မှတ်ခြင်းခံရ၍ (၃) နှစ်တာကာလ အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအမျိုးမျိုးအတွက် နိုင်ငံတကာနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

More Tags