ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၇) မြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ပြီး လှိုင်သာယာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် “ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၇) မြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းအစုလိုက်ထိုးနှံခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနား”သို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ -

• ဝက်သက်ရောဂါသည် အလွန်လျင်မြန်စွာကူးစက်တတ်သောရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားပါက အထူးသဖြင့် အာဟာရချို့တဲ့သည့် ကလေးငယ်များတွင် ရောဂါ၏ ပြင်းထန်သော နောက်ဆက် တွဲရောဂါများဖြစ်ပွားနိုင်ခြင်း၊ ရောဂါကြောင့် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုများကျဆင်း နိုင်ခြင်းတို့အပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါကြောင်း၊

• ရောဂါကို ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့်သာ ကာကွယ်နိုင်ပါကြောင်း၊

• ယခုကဲ့သို့ ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ဘက်ပေါင်းစုံမှ စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ဝိုင်းဝန်းဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင်ရှိအသိအမှတ်ပြုပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၇)မြို့နယ်မှ ကလေးငယ် (၆)သိန်းခန့်အတွက် ယခု ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းအစုလိုက်ထိုးနှံရန်အတွက် နိုင်ငံတော်မှ ကုန်ကျစရိတ်စုစုပေါင်း၏ (၈၄)ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ (၅၆၀ဝ၀ဝ)ကျော်နှင့် Gavi အဖွဲ့မှ ကျန် (၁၆)ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၀၇၀ဝ၀) ကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးများလုံလောက်စွာရရှိစေရန် ပံ့ပိုးဆောင်ရွက်ပေးခဲ့သော Gavi အဖွဲ့နှင့် Unicef အဖွဲ့တို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံထားခြင်းဖြင့် ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားတော့သဖြင့် မိဘများအနေဖြင့် စိုးရိမ်ကြောင့်ကြရမှု ကင်းဝေးစေခြင်း၊

 

• နေထိုင်မကောင်းသည့် ကလေးငယ်များကို ပြုစုရန်အတွက် အလုပ်အကိုင် ပျက်မှုမရှိခြင်း၊ ကလေးငယ်များအနေဖြင့် အဆိုပါရောဂါများကြောင့် နေထိုင်မကောင်းမှု မဖြစ်ပွားတော့ဘဲ ကာယနှင့် ဉာဏဖွံ့ဖြိုးမှု အားကောင်းခြင်း စသည်တို့အပြင် ဆေးရုံ၊ ဆေးခန်းများတွင်လည်း နေထိုင်မကောင်းသော ကလေးငယ်များကို ပြုစုကုသပေးရမှု နည်းပါလာမည်ဖြစ်သည့်အတွက် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ခြင်းစသည့် မြောက်မြားစွာသော အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအတွက်လည်း ကျေနပ် ဂုဏ်ယူစရာပင်ဖြစ်ပါကြောင်း၊

• ကလေးငယ်များ အာဟာရပြည့်ဝ ကိုယ်ခံအားကောင်းမွန်ကာ ရောဂါကာကွယ်နိုင်မှု စွမ်းရည်ကောင်းမွန်စေရေး၊ မိခင်နို့ဦးရည်မှ တစ်ဆင့် ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်း (anti body) များရရှိနိုင်စေရေး၊ ကလေးငယ်များ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းကို စနစ်မှန်တိုက်ကျွေးရေး၊ မိခင်ရော ကလေးပါ အာဟာရ ပြည့်ဝစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အိုင်အိုဒင်းဆား စားသုံးစေရေး၊ မိဘများအနေဖြင့် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံပေးကြစေရေးနှင့် ပတ်ဝန်းကျင်ရှိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံမှု ခံယူကြစေရန် တိုက်တွန်းနိုင်စေရေးတို့အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာ အချက်အလက်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုး တိုက်ကျွေးခြင်း အစီအစဉ်ဇယားတို့ကိုလည်း ဖြန့်ဝေပေးအပ်ရမည်ဖြစ်ပါကြောင်း၊

• ကလေးငယ်များအားကာကွယ်ဆေးထိုးနှံရာတွင် ဗီတာမင်အေဆေးတိုက်ကျွေးခြင်း၊ မိခင်များအတွက် သံဓာတ်အားဆေးများပေးအပ်ခြင်းတို့ကိုပါ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ နှီးနွယ်ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအားလုံးမှ ကဏ္ဍစုံ၊ အဖွဲ့အစည်းစုံ ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet များကိုလည်း ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာ မြို့နယ် (၇) မြို့နယ်ရှိ သားဖွားဆရာမများထံ ပထမအသုတ်အနေဖြင့် မကြာခင် ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့သော ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် ပိုမိုကောင်းမွန်စေရေးအတွက် ကာကွယ် ဆေးထိုးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူ ကျန်းမာရေးဝန်ထမ်းများ၊ INGO/ NGO များနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကလေးငယ်များ၏ မိဘများကို မေးမြန်းဆွေးနွေး စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်စေလိုပါကြောင်း၊

• ကာကွယ်ဆေးများ၏ စွမ်းရည်ပြည့်ဝအကျိုးထိရောက်မှုများကို မျက်ခြေမပြတ်စေရန်အတွက် အသုံးချသုတေသနများကိုလည်း ပြုလုပ်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အခမ်းအနားပြုလုပ်ရာ လှိုင်သာယာမြို့နယ် ဒေသန္တရကျန်းမာရေးဌာနခွဲနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံမှု ဆောင်ရွက်နေသည့် အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးနှင့် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ ကာကွယ်ဆေးထိုးစုရပ်တို့၌ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ် ဆေးထိုးနှံမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အတူ ကျန်းမာရေးအသိပညာပေးအပ်နေမှုများ ကိုလှည့်လည်ကြည့်ရှုခဲ့ကာ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သည့် ကလေးငယ်များကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ထပ်မံလိုအပ်မှုရှိသည်များကို တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါတို့အပါအဝင် ရောဂါ (၁၁) မျိုးအတွက် ရောဂါကာကွယ်ဆေးများကို နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေးဌာန အသီးသီးတွင် အပတ်စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနအလိုက် သတ်မှတ်ရက်များအတိုင်း ကလေးငယ်များအတွက်​ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များအား ကာကွယ်ဆေးများမပျက်မကွက်ထိုးနှံတိုက်​​ကျွေး​ပေး​စေရန်​မှာ အထူးအရေးကြီးပါသည်။

 

     ယခုအခါ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် အင်းစိန် စုစုပေါင်း မြို့နယ် (၇)မြို့နယ်တွင် အသက် (၉)လမှ (၁၅)နှစ်အောက် ကလေးလူငယ်များကို ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်းအစုလိုက်ထိုးနှံပေးခြင်း လုပ်ငန်းများအား ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ ညနေ (၄)နာရီ အထိ ထိုးနှံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များဖြစ်သော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှလှဝင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာ ဒေါက်တာထားထားလင်း နှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Unicef အဖွဲ့တို့မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 

More Tags