ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သော “ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား” သို့တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က -

• ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေးအပ်၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း၊

လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်းဦးနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူသက် တို့က -

• မိမိတို့ ကျန်းမာရေး ဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးစမ်းသပ်ကုသမှု ဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာရဲတင့်လွင်က -

• “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်

• မကူးစက်နိုင်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ စသည်တို့ ဖြစ်ပွားပါက အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားခြင်း၊ နောက်ဆက်တွဲကျန်းမာရေး ပြဿနာများကြောင့် မသန်မစွမ်းဖြစ်ခြင်းနှင့် လူမှုဘဝ အရည်အသွေး ကျဆင်းခြင်းနှင့် အရွယ်မတိုင်မီ သေဆုံးခြင်း စသည်တို့ကြောင့် မိသားစုအတွက်သာမက နိုင်ငံ၏ လူမှုစီးပွားအတွက်ပါ လွန်စွာထိခိုက် နစ်နာရပါကြောင်း၊

• မကူးစက်နိုင်သောရောဂါများနှင့် စပ်လျဉ်း၍ ယခုအချိန်တွင် အလေးထား မဆောင်ရွက်ပါက လာမည့် (၅) နှစ်တာ ကာလခန့်အတွင်းမှာပင် ကာကွယ်ထိန်းချုပ် ကုသရန် ဝန်ထုတ်ဝန်ပိုး အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ဆီးချိုနှင် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်းဖြင့် ပြည်သူများအား စောစီးစွာ၊ ပိုမိုထိရောက်စွာနှင့် ပိုမိုလွှမ်းခြုံမှုကောင်းစွာ ကြိုတင်ကာကွယ် ကုသမှုပေး နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးသာမက လူမှု-စီးပွားပါ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများကို ပထမဆုံးအကြိမ်အဖြစ် ခမ်းနားကြီးကျယ်စွာဖွင့်လှစ်နိုင်ခြင်းအပေါ် ဝိုင်းဝန်းဆောင်ရွက် ကြသူများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊

 

• ရောဂါစစ်ဆေးစမ်းသပ်သည့် ဆေးပစ္စည်းကိရိယာများ၊ ကုသရန် ဆေးဝါးများ လုံလောက်မှုရှိစေရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စနစ်တကျစီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများကိုလည်း ယခုထက်ပိုမို အလေးပေး ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးအသိပညာ ကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုများ ယခုထက်ပိုမို ပြုလုပ်နိုင်စေရန်အတွက် ကျန်းမာရေးအသိပညာ မြှင့်တင်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများမှလည်း ကျန်းမာရေးအသိပညာ အဓိက အချက်အလက်များကို ဖြန့်ဝေပေးလျက်ရှိပြီး ဆေးပေးခန်းတွင် ကုသမှု ပေးပြီး တစ်ပါတည်းကျန်းမာရေးအသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• တစ်နိုင်ငံလုံးအနေဖြင့် (၉.၅)သန်းဦးခန့်ရှိသော ကျောင်းသား/သူများ ကျန်းမာသန်စွမ်းရေးမှာလည်း အထူးအရေးကြီးသဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများ တွင် ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များ၊ စားသောက်ကုန်များသာ ရောင်းချစေရန်တို့ကို ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊

 

• ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ဆီးချိုနှင့် သွေးတိုးရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်ဖြစ်၍ ဝန်ကြီးဌာနမှ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားအချက်အလက်များမှာလည်း အထူးအရေးကြီးပါကြောင်း၊

• ရောဂါဖြစ်ပွားမှု အရေအတွက်၊ အခြေအနေများကို သိရှိခြင်းဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို ချိန်သားကျ တွက်ချက်ဝယ်ယူနိုင်ခြင်း၊ လိုအပ်သည့် သင်တန်းများ လုပ်ဆောင်နိုင်ခြင်း စသည်တို့ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် မကူးစက်တတ်သောရောဂါများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ အပါအဝင် သင်တန်းများပြုလုပ်ရာတွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်း သင်တန်းဌာန တွင် ပြုလုပ်နိုင်ရန် လိုအပ်သည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပါမောက္ခကြီးများ၊ ကျွမ်းကျင်ပညာရှင်ကြီးများအနေဖြင့် အကြံဉာဏ်များလည်းပေးအပ်စေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

 

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာကိုကို တို့မှ ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးပေးခန်းများ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

  

     ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေမေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ပိုမိုကောင်းမွန်စေရေး အကြံပြုချက်များပေးအပ်ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များဖြစ်သော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးပညာရှင်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်​၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 

More Tags