ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၃)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ/ဌာနမှူးများပါဝင်သည့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၉) သို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ကောင်းမွန်သော လုပ်ငန်းစွမ်းဆောင်မှုများ၊ အောင်မြင်မှုများ ရရှိရန်အတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိကအရေးကြီးပါကြောင်း၊

• ဦးစီးဌာနများအနေဖြင့်လည်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနထံ လိုအပ်သည့် အကြံပြုချက်များ ပေးအပ်ရမည်ဖြစ်ပါကြောင်း၊

• အရည်အသွေးမြင့်မားပြီး ကျင့်ဝတ်များလိုက်နာသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုများပြားလာခြင်းဖြင့် ပြည်သူများ ပိုမိုအရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ကာ အကျိုးများစွာရှိမည်ဖြစ်ပါကြောင်း၊

• ထိုသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် သင်ကြားလေ့ကျင့်ပေးမည့် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်သည်လည်း ကောင်းမွန်မြင့်မား ရန်လိုအပ်ပါကြောင်း၊

• ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များတွင် ဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာ၊ သင်ကြားသင်ယူမှုနည်းစနစ်ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် သုတေသနပိုင်းဆိုင်ရာ မွမ်းမံသင်တန်းများ ပေးအပ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

 

• ခွဲစိတ်ကုသမှုများပါဝင်သောဆေးပညာရပ်များနှင့် အခြားဆေးပညာရပ်များ အသီးသီးမှ ပညာရှင်များအနေဖြင့်လည်း သင်ကြားမှုနည်းစနစ်များနှင့် အတွေအကြုံများကို ဝေမျှခြင်းဖြင့်သင်ကြားသင်ယူမှုများ ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) (Myanmar Human Resources for Health Strategy) တွင် ပါဝင်သော လုပ်ငန်းစဉ်များကို ဦးစားပေးသတ်မှတ်၍ လက်တွေ့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• တက္ကသိုလ်များရှိ ဆေးပညာသင်ကြားရေးဌာန (medical education unit) များ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• တက္ကသိုလ်များတွင် သင်ကြားသင်ယူမှုအထောက်အကူပြုသည့် ပတ်ဝန်းကျင်ကောင်း (enabling teaching environment) များ ရရှိစေရန်ကိုလည်း အထူးအလေးပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ဘွဲ့လွန်သင်တန်းများတွင် နိုင်ငံတကာမှ ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ် သုတေသနစာတမ်းများကို ဖတ်ကြားဆွေးနွေးခြင်း၊ နေ့လယ်စာစားချိန် ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊

 

• ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်သည့် ဆရာဝန်များအနေဖြင့် အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်များကို အတွေ့အကြုံဝေမျှခြင်းနှင့် သင်ကြားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် သင်ကြားမှုဆိုင်ရာ အတွေ့အကြုံများလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဆီးချိုသွေးချိုရောဂါအပါအဝင် မကူးစက်တတ်သောရောဂါများ ကုသရာတွင် အရေးကြီးသည့် အာဟာရပညာရှင် (nutritionist, dietician) များ စတင်မွေးထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်သွား စေလိုပါကြောင်း၊

• ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များတွင် သုတေသနစိစစ်အကဲဖြတ်ရေးအဖွဲ့များ (Institutional Review Board နှင့် Ethical Review Committee ) အရေအတွက် ပိုမိုတိုးမြှင့်ဖွဲ့စည်းစေလိုပြီး အဆိုပါ သုတေသနစိစစ်အကဲဖြတ်ရေးအဖွဲ့များမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်တိုးမြှင့်စေရေးကိုလည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ ဆေးသုတေသန မှတ်ပုံတင်မှတ်တမ်း (Myanmar health research registry) ကိုလည်း ဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်အားလုံးမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့စာတမ်းများကို ချိတ်ဆက်မှတ်တမ်းတင်ထားရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)တွင် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် certificate သင်တန်းများပြုလုပ်လျက်ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများလည်း တက်ရောက်ကြရမည်ဖြစ်ပါကြောင်း၊

 

• တက္ကသိုလ်အလိုက် နောက်ခံအကြောင်းအရာများ၊ သင်ကြားပေးသည့်ဘာသာရပ်များ၊ ဆရာများ၊ ထူးချွန်သည့် ကျောင်းသားဟောင်းများနှင့် အခြားထူးခြားချက်များပါဝင်သည့် ရုပ်မြင်သံကြား video clip နှင့် လက်ကမ်းစာစောင်များပြုစုကာ တက္ကသိုလ်တက်ရောက်မည့် သင်တန်းသားသစ်များထံ ဖြန့်ဝေရမည်ဖြစ်ပါကြောင်း၊

• ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ စုပေါင်း၍ အဆိုပါ တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ ဆောင်ရွက်ထားသည့် သုတေသနစာတမ်းများကို ထည့်သွင်းဖော်ပြနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ သုတေသနဂျာနယ်ထုတ်ဝေသွားနိုင်ရေး အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် သုတေသုလုပ်ငန်းများအတွက် ကျပ်ငွေ သန်းပေါင်း(၃၀၀၀) လျာထားပါသဖြင့် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမ များအနေဖြင့် သုတေသနများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက (၂၀၁၉-၂၀၂၀) ခုနှစ်တွင် ဒီပလိုမာဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ ခေါ်ယူမည့်ကိစ္စရပ်များကို ဘက်စုံ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန) ဒေါက်တာမိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဋ္ဌာနမှူးများ၊ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags