နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) အသိပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၄)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Hotel Max၊ နေပြည်တော်၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သော “နိုင်ငံတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေး ဆွေးနွေးပွဲ”သို့ တက်ရောက်ခဲ့ပါသည်။

 

     အသိပေးဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ဆောင်ရွက်ခဲ့သည် နိုင်ငံတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) ပါတွေ့ရှိချက်များသည် တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) အရလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုအခြေအနေတို့ကို လေ့လာဆန်းစစ် သိရှိနိုင်ရန်အတွက်လည်းကောင်း၊ ထပ်မံရေးဆွဲဆောင်ရွက်မည့် တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)နှင့် စီမံချက်များ၊ လုပ်ငန်းစဉ်များအတွက်လည်းကောင်း အထူးအရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် (၃.၅%) ခန့် ကျဆင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးသော နိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ပြီး ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံ (၃၀) စာရင်းတွင် မပါရှိရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ (၂၀၁၈) အရ မြန်မာနိုင်ငံ၌ လူဦးရေ (၁)သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ (၃၅၈)ဦးနှင့် ရောဂါကြောင့်သေဆုံးသူ (၅၁)ဦးရှိပါကြောင်း၊

• အမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ (၂၀၁၈)ခုနှစ်တွင် တီဘီရောဂါလူနာ (၁၃၅၀၀၀) ကျော်ကို ကုသမှု ပေးခဲ့ရာ ကုသမှုအောင်မြင်နှုန်းမှာ (၈၇%) ရရှိခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ခက်ခဲဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များစသည်တို့အထိ ကွင်းဆင်း ရောဂါရှာဖွေကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 

• (၂၀၁၈) ခုနှစ်အတွင်း၌ ကုလသမဂ္ဂအဖွဲ့ရုံးချုပ်တွင် ကျင်းပခဲ့သည့် တီဘီရောဂါဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါကူးစက် ပြန့်ပွား မှုကို အထူး အလေးထား၍ ဝိုင်းဝန်းစုစည်းပြီးတိုက်ဖျက်ကြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊

• တီဘီရောဂါသည် လူမှု-စီးပွား အခြေအနေများနှင့် အထူးဆက်စပ်နေသည့် ရောဂါဖြစ်ပြီး လူနေသိပ်သည်းခြင်း၊ ဆင်းရဲမွဲတေခြင်း၊ နေရာတစ်နေရာမှတစ်နေရာရွေ့ပြောင်းနေထိုင်ခြင်း၊ နေ့စဉ်ဝင်ငွေရရှိရန်အတွက် အလုပ်လုပ်ရခြင်းနှင့် အာဟာရ မပြည့်ဝခြင်းစသည့် အချက်များနှင့် တီဘီရောဂါဖြစ်ပွားပြန့်ပွားမှုများမှာ များစွာ ဆက်စပ်နေပါကြောင်း၊

• တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ ဌာနပေါင်းစုံ၊ INGO/ Local NGO၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ စသည်ဖြင့် အားလုံးစုစည်းဆောင်ရွက်မှသာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုစစ်တမ်းကို ကျွမ်းကျင်မှုနည်းပညာပိုင်းဆိုင်ရာ စနစ်တကျပြုလုပ်ဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်ဓာတ်မှန်စက်၊ အဆင့်မြင့် GeneXpert စက်များဖြင့် စမ်းသပ်အတည်ပြု ဆောင်ရွက်ခြင်း တို့ကြောင့် တွေ့ရှိချက်များသည် မှန်ကန်ပြီး ယုံကြည်စိတ်ချရပါကြောင်း၊

• မြန်မာနိုင်ငံ၌ ယခင် (၂၀၀၉-၂၀၁၀) ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ လူဦးရေ တစ်သိန်းတွင် ပိုးပေါက်တီဘီ (culture positive) ရောဂါဖြစ်ပွားသူ (၅၀၂)ဦးရှိခဲ့ပြီး ယခုစစ်တမ်းတွေ့ရှိချက်အရ လူဦးရေတစ်သိန်းတွင် ပိုးပေါက်တီဘီ (culture positive) ရောဂါဖြစ်ပွားသူ (၂၄၂)ဦး သို့လျော့ကျလာပြီး ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုမှာ စစ်တမ်းကောက်ယူသူများအတွင်း (၃%) သာတွေ့ရှိ ရပါကြောင်း၊

 

• တီဘီရောဂါသံသယလူနာများ၏ (၃၀%)မှာ ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများသို့ ကနဦးသွားရောက် ပြသသည်ကို တွေ့ရှိရသဖြင့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများမှ တီဘီရောဂါ ဖြစ်ပွားမှုကို မပျက်မကွက် သတင်းပေးပို့ရန် (mandatory TB case notification)၊ အစိုးရ ဆေးရုံ/ ဆေးခန်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြင်ပအထွေထွေရောဂါကုဆရာဝန်များအဖွဲ့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် တို့မှာ အထူးအရေးကြီးပါကြောင်း၊

• စစ်တမ်းပါတွေ့ရှိချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု ပုံစံများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာများ၊ စီမံချက်များ၊ လုပ်ငန်းစဉ်များကို လိုအပ်သလို ပြင်ဆင်မွမ်းမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများသည် တစ်ခုချင်း သီးခြားအနေဖြင့် မဟုတ်ဘဲ စုစည်းချိတ်ဆက်ပေါင်းစပ်၍ ဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ပြည်သူများ၏ တီဘီရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာနှင့် ဗဟုသုတများ ကြွယ်ဝစေရန်အတွက် ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet များကို အသုံးချ၍ ကျန်းမာရေးစကားဝိုင်းငယ်များ ပိုမို ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ယခုစစ်တမ်းတွေ့ရှိချက်များကို အခြေခံ၍ တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၂၁-၂၀၂၅) ကိုရေးဆွဲသည့်အခါ လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည် ဖော်ဆောင် ရွက်နိုင်မည့် လုပ်ငန်းစဉ်များရေးဆွဲရန်နှင့် လုပ်ငန်းဆောင်ရွက်အောင်မြင်မှုကို စဉ်ဆက်မပြတ် ဆန်းစစ်သည့် စနစ်နှင့် အသုံးချသုတေသနလုပ်ငန်းများကိုပါ တစ်ပါတည်းထည့်သွင်း ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများအနေဖြင့်လည်း တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဦးဆောင်နေရာမှ ပိုမိုပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါ ကြောင်း၊

• တီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံများ၊ ပြည်တွင်း ညီလာခံများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများတို့မှ ဆွေးနွေးအကြံပြုချက်များကိုလည်း လက်တွေ့မြေပြင်အခြေအနေ များနှင့် လိုက်လျောညီထွေကိုက်ညီစွာဖြင့် အသုံးချဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

• ကမ္ဘာ့တီဘီရည်မှန်းချက်(End TB)ကို (၂၀၃၅) ခုနှစ်တွင် ပြည့်မှီနိုင်ရန် ဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးမှ စုစည်းပူးပေါင်းကာ သံဓိဋ္ဌာန်ချဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) တွေ့ရှိချက်များကိုလည်းကောင်း၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာချိုချိုစန်းက စစ်တမ်းကောက်ယူ ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Medical Officer ဖြစ်သူ Dr. Onazaki က စစ်တမ်းတွေ့ရှိမှု ကောက်ချက်များနှင့် (၂၀၀၉-၂၀၁၀) ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် စစ်တမ်းနှင့် ယခုစစ်တမ်း တွေ့ရှိချက်များကို နှိုင်းယှဉ်သုံးသပ်မှု တို့ကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။

 

     အဆိုပါ အသိပေးဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဌနှင့် လွှတ်တော်ကိုယ်စား လှယ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း)၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တီဘီဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် INGO/ NGO များမှ တာဝန်ရှိသူများက မေးမြန်း ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

 

     ယခု တီဘီရောဂါစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို (၂၀၁၇)ခုနှစ်၊ အောက်တိုဘာလမှ (၂၀၁၈)ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဆောင်ရွက်ခဲ့ပါသည်။

 

     ယခုစစ်တမ်းအရ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃%) မှာ အမျိုးသားများဖြစ်ကြောင်းတွေ့ရှိရပါသည်။

     တီဘီလူနာများ၏ (၅၀%) ကျော်မှာ အသက်(၅၀)နှစ်နှင့်အထက်တွင် တွေ့ရှိရသည့်အတွက် ပြည်သူ လူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို အတော်အသင့် ထိန်းချုပ် နိုင်ပြီဟုယူဆနိုင်ပါသည်။

     ပြည်နယ်များတွင် တီဘီဖြစ်ပွားနှုန်းမှာ သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရှိရသော်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် တီဘီဖြစ်ပွားနှုန်းမှာသိသိသာသာ ကျဆင်းခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။

More Tags