ဒုတိယအကြိမ်မြောက် အာဆီယံ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ လက်တွေ့သင်ကြားလေ့ကျင့်မှု အစီအစဉ်ပြုလုပ်နေမှုများကို ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဒုတိယအကြိမ်မြောက် အာဆီယံ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ လက်တွေ့သင်ကြားလေ့ကျင့်မှု အစီအစဉ် (ASEAN Neurosurgical Boot Camp) ပြုလုပ်လျက်ရှိသည့် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် သို့သွားရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံ၊ Henry Ford Hospital, Detroit, Michigan မှ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ ပါမောက္ခ Dr. Jack Rock၊ ဆွစ်ဇာလန်နိုင်ငံ Bern University Hospital မှ ပါမောက္ခ Dr. Philippe Schucht၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမြတ်သူ၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာကြည်လှိုင်၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြောကြားရာတွင် -

• ယခုကဲ့သို့ အာဆီယံအဆင့် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ လက်တွေ့သင်ကြား လေ့ကျင့်မှု အစီအစဉ်ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ဝိုင်းဝန်းဆောင်ရွက် ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• မြန်မာနိုင်ငံတွင် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ ဆရာဝန်များ အမေရိကန်နိုင်ငံတွင် သင်ကြား ပို့ချလျက်ရှိသည့် သင်ရိုးညွှန်းတမ်း၊ သင်ကြားပုံနည်းစနစ်နှင့် ခေတ်မီကုထုံးနည်းစနစ်များ သိရှိ လေ့ကျင့်နိုင်ရေးတို့အတွက် ကူညီပံ့ပိုးပေးသည့် ပါမောက္ခ Dr. Jack Rock၊ ပါမောက္ခ Dr. Philippe Schucht နှင့် တာဝန်ရှိသူ များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• ယာဉ်မတော်တဆမှုများအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားသည့် လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန်အတွက် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်များမှ အချိန်နှင့် တစ်ပြေးညီ ကုသမှုပေးနိုင်ရန်မှာ အထူးအရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ် အသီးသီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားကာ ဘက်စုံမှပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပါမောက္ခ Dr. Jack Rock အပါအဝင် နိုင်ငံတကာမှ ဆေးပညာရှင်ကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် ဆေးပညာမဟာသိပ္ပံ (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ) သင်တန်း၏ သင်ရိုး ညွှန်းတမ်း၊ သင်ကြားပုံနည်းစနစ်များနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စေရေး အကြံဉာဏ်များကို ပေးအပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ပြည်နယ်/တိုင်းဒေသကြီးဆေးရုံများတွင် ICU နှင့် CCU - ဘက်စုံ အထူး ကြပ်မတ်ကုသခြင်းနှင့် နှလုံးသွေးကြောရောဂါ အထူးကြပ်မတ်ကုသမှုဌာနများကို ယခုနှစ်မှ စတင်၍ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍လည်း အကြံဉာဏ်များပေးအပ်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အမေရိကန်နိုင်ငံ၊ Henry Ford Hospital, Detroit, Michigan မှ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ကုပညာ ပါမောက္ခ Dr. Jack Rock နှင့် တာဝန်ရှိသူများက ပြောကြားရာတွင် -

• မိမိတို့အနေဖြင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာဌာနနှင့် လက်တွဲပူးပေါင်း၍ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာရပ်ဆိုင်ရာ သင်ကြားလေ့ကျင့်မှုများ ကို စီမံချက်သဏ္ဍာန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံအဆင့် လက်တွေ့ သင်ကြားမှု အစီအစဉ်ကို မြန်မာနိုင်ငံ၌ (၂၀၁၇) ခုနှစ်အတွင်းကလည်း ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

• ယခုလက်တွေ့သင်ကြားမှု အစီအစဉ်ကို အမေရိကန်နိုင်ငံ၊ Henry Ford Hospital တွင် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာ ဘွဲ့လွန်ဆေးပညာသင်တန်း ပထမနှစ်နှင့် ဒုတိယနှစ် တို့တွင် သင်ကြားလေ့ကျင့်သည့် အတိုင်းသင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊

• ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု ဆေးပစ္စည်းကိရိယာများဆိုင်ရာနှင့် အထူးကြပ်မတ် ကုသမှု ကျွမ်းကျင်မှုဆိုင်ရာပံ့ပိုးမှုများ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် သင်ကြားလေ့ကျင့်မှုပြုလုပ်လျက်ရှိသည်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     အဆိုပါလက်တွေ့သင်ကြားမှု အစီအစဉ်တွင် အမေရိကန်၊ ဆွစ်ဇာလန်၊ ကိုရီးယား၊ နီပေါ၊ စင်ကာပူ၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး (၂၃)ဦးက ခေတ်မီ ဆေးပစ္စည်းကိရိယာများ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံနည်းစနစ်များ အသုံးပြု၍ လက်တွေ့သင်ကြားပြသပေးခဲ့ပြီး ကမ္ဘောဒီးယား၊ စင်ကာပူ၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ဘွဲ့လွန်သင်တန်းသား/သူ (၁၅)ဦးနှင့် မြန်မာနိုင်ငံမှ ဘွဲ့လွန်သင်တန်းသား/သူ (၃၅) ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်သင်ယူခဲ့ကြပါသည်။

 

More Tags