ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၄)၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် အဖွဲ့က ကလေးကျန်းမာရေး၊ ဆယ်ကျော်သက်နှင့် လူငယ်လူရွယ်ကျန်းမာရေး၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂဒေသ၊ နန်းယွန်းမြို့နယ်တွင် ဗီတာမင်-ဒီ ချို့တဲ့မှု သံသယလူနာအချို့တွေ့ရှိခဲ့မှုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လာရောက်တင်ပြခဲ့ခြင်းကို လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းက ရှင်းလင်းတင်ပြရာတွင် -

• ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ကလေးကျန်းမာရေးဌာနခွဲနှင့် ကျောင်းကျန်းမာရေးဌာနခွဲတို့သည် မျိုးဆက်ပွားကျန်းမာရေး (၅) နှစ်မဟာဗျူဟာစီမံကိန်း (၂၀၁၄-၂၀၁၈) (Five-Year Strategic Plan for Reproductive Health)၊ အမျိုးသားအဆင့် မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(၂၀၁၅-၂၀၁၈) (National Strategic Plan for Newborn and Child Health Development)၊ အမျိုးသားအဆင့် အလုံးစုံခြုံငုံသည့် ကျောင်းကျန်းမာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၇-၂၀၂၂) (Myanmar National Comprehensive School Health Strategic Plan) နှင့် လူငယ်လူရွယ်ကျန်းမာရေး (၅) နှစ်မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၀) (Five-Year Strategic Plan for Young People’s Health) တို့အရ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက်ကျန်းမာရေးမဟာဗျူဟာစီမံကိန်း (Reproductive, Maternal, Newborn, Child, and Adolescent Health (RMNCAH) Strategy) ကို နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲသွားရန် စီစဉ်လျက်ရှိပါကြောင်းတင်ပြခဲ့ပါသည်။


 

ဆက်လက်၍ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မိုရ်စိုးက မျိုးဆက်ပွားကျန်းမာရေး (၅) နှစ်မဟာဗျူဟာစီမံကိန်း(၂၀၁၄-၂၀၁၈) (Five-Year Strategic Plan for Reproductive Health) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အောင်မြင်မှုများကိုလည်းကောင်း၊

ကလေးကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီအောင်က အမျိုးသားအဆင့် မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(၂၀၁၅-၂၀၁၈) (National Strategic Plan for Newborn and Child Health Development) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အောင်မြင်မှုများကိုလည်းကောင်း၊

ကျောင်းကျန်းမာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့ထွဋ်က အမျိုးသားအဆင့် အလုံးစုံခြုံငုံသည့် ကျောင်းကျန်းမာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၇-၂၀၂၂) (Myanmar National Comprehensive School Health Strategic Plan) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် အောင်မြင်မှုများကိုလည်းကောင်း၊

ကျောင်းကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုမွန်မြတ်က လူငယ်လူရွယ်ကျန်းမာရေး (၅) နှစ်မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၀) (Five-Year Strategic Plan for Young People’s Health) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် အောင်မြင်မှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ထို့နောက် အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂဒေသ၊ နန်းယွန်းမြို့နယ်တွင် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗီတာမင်-ဒီ ချို့တဲ့မှု သံသယလူနာအချို့ တွေ့ရှိခဲ့မှုအပေါ် အဆိုပါဒေသတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေသော Medical Action Myanmar (MAM) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးခြင်း၊ အကြံပြုချက်ရယူခြင်းနှင့် လူနာများအား စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အမျိုးသားအဆင့် ဗီတာမင်-ဒီ ချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေးလမ်းညွှန်နှင့် ဗီတာမင်-ဒီ ချို့တဲ့မှု ရှိ/မရှိ သွေးနမူနာ ရယူစစ်ဆေးခြင်းနှင့် ရောဂါကြောင့် ကိုယ်လက် မသန်စွမ်းမှုနှင့် ကိုက်ညီသည့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန် (Myanmar Guideline for Prevention and Treatment of Vitamin D deficiency and SoP for blood collection for Vitamin D assessment and Disease-adjusted physical activity) တို့ကို ပြုစုထုတ်ဝေသွားရန်အတွက် ဆွေးနွေးတိုင်ပင်မှု အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြခဲ့ ပါသည်။


 

     ထိုကဲ့သို့ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် -

• လုပ်ငန်းများဆောင်ရွက်ရာတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်း လားရာတူ အဖွဲ့အစည်းများ၊ INGO/ Local NGO များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ မိဘ ဆရာအသင်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားခြင်းအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ပံ့ပိုးဆောင်ရွက်မှုများကို ပေးအပ်သွားရမည် ဖြစ်ပါကြောင်း၊

• နန်းယွန်းမြို့နယ်တွင် ဗီတာမင်-ဒီ ချို့တဲ့မှုသံသယလူနာများ တွေ့ရှိမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နှီးနွှယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အဆိုပါဒေသတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသာ INGO/ Local NGO များ၊ ဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်များ ပါဝင်သည့် အသိပေးဆွေးနွေးပွဲကြီး တစ်ခုကို စစ်ကိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးသတင်းအချက်အလက်) ဒေါက်တာသက်သက်မူ၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဌာနခွဲ၊ ကလေးကျန်းမာရေးဌာနခွဲ၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနနှင့် အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NIMU) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags