တိုင်းရင်းဆေးပညာလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက -

• ယနေ့တွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်များကိုရယူပြီး တိုင်းရင်းဆေးပညာလောက အရှိန်အဟုန်မြှင့်၍ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်နှင့် အသစ်ခန့်အပ်တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မိတ်ဆက်ပေးပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ကြောင်း၊

• တိုင်းရင်းဆေးလောက တိုးတက်လာရေးမှာ တိုင်းရင်းဆေးတက္ကသိုလ်မှ မွေးထုတ် သင်ကြားပေးလိုက်သော တိုင်းရင်းဆေးပညာရှင်များ၏ အရည်အသွေးနှင့်အဆင့်အတန်း မြင့်မားမှုအပေါ် အဓိကမူတည်နေသောကြောင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးနည်းစနစ်နှင့် ဆရာများ၏ အရည်အသွေးတိုးတက်မြင့်မားရေး၊ ခေတ်မီစာကြည့်တိုက်ဖြစ်လာစေရေး အပါအဝင် ဘက်စုံကြိုးပမ်းဆောင်ရွက်နေကြောင်း၊

 

• သုတေသနလုပ်ငန်းမပါရှိဘဲ မည်သည့်လုပ်ငန်းမှ မတိုးတက်နိုင်သည့်အတွက်ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်၌ သုတေသနလုပ်ငန်းများကို စနစ်တကျ သေသေချာချာ ဆောင်ရွက်ရန်လိုအပ်ပြီး တိုင်းရင်းဆေးတက္ကသိုလ်တွင် သုတေသနဌာနကြီးတစ်ခုလို တိုးချဲ့တည်ထောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊

• မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံမှ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးများ အမြန်ဆုံးစတင်ထုတ်လုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ လိုအပ်သည်များကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• အစွမ်းအာနိသင်ရှိ၍ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဝါးများကို ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊

 

• တိုင်းရင်းဆေးရုံများ၏ စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာရေးအတွက် တိုင်းရင်းဆေးရုံ စီမံအုပ်ချုပ်မှုသင်တန်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရန် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံဉာဏ်ကို ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးတက္ကသိုလ်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သီးသန့်အလုပ်ရုံ ဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော နည်းဥပဒေများကို ပြည့်စုံမှန်ကန်စွာရေးဆွဲနိုင်ရန် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေကို မှန်ကန်စွာလိုက်နာကျင့်သုံးနိုင်ရန် အကောင်အထည်ဖော်နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဆရာ မှတ်ပုံတင် လက်မှတ်များကို ထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံဉာဏ်များကိုရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ယင်းနောက် (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှ စတင်၍ ခန့်အပ်တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက -

• တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးပညာ အကြံပေးအဖွဲ့များအပါအဝင် သက်ဆိုင်သူအားလုံးနှင့်ဆွေးနွေးပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ယခင် ကျင်းပခဲ့သော တိုင်းရင်းဆေးညီလာခံများမှ အဆိုပြုချက်များ၊ အကြံပြု ချက်များကိုလည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• မိမိအနေဖြင့် အရည်အသွေးပြည့်ဝပြီး အများပြည်သူက တန်ဖိုးထားသော တိုင်းရင်းဆေးလောကကြီး ဖြစ်လာစေရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းဆေးပညာဆိုင်ရာအကြံပေး ဥက္ကဋ္ဌ ဒေါက်တာဦးမိတ်နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီက -

 

- တိုင်းရင်းဆေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊

- မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံ အမြန်ဆုံးလည်ပတ်ထုတ်လုပ်နိုင်ရေး၊

- သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊

- တိုင်းရင်းဆေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်လေ့ကျင့် ပေးနိုင်ရေးနှင့် ခန့်အပ်တာဝန်ပေးနိုင်ရေး၊

- တိုင်းရင်းဆေးလောက ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊

- တိုင်းရင်းဆေးခန်းနှင့် ဆေးရုံများ ပိုမိုတိုးတက်လာစေရေး၊

- ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်ရေးနှင့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေနှင့် သက်ဆိုင်သော နည်းဥပဒေကို စနစ်တကျ မှန်ကန်ပြည့်စုံစွာရေးဆွဲနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးအကြံပြုတင်ပြကြပါသည်။

 

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသာထွန်းကျော်၊ တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့ဝင် (၁၂)ဦးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။

 
 

More Tags