ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်းစက်ဘီးနင်းပွဲ ကျင်းပ

မန္တလေး၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ Unicef၊ Rotary Club တို့မှကိုယ်စားလှယ်များ၊ ပြည်သူလူထုများ နှင့် အတူ ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပါဝင် စီးနင်းခဲ့ပါသည်။

 

     စက်ဘီးစီးနင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် (၁၉၈၇) ခုနှစ်ကတည်းက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါ (၁၁) မျိုးမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို ဝန်ကြီးဌာနမှ ထိုးနှံတိုက်ကျွေးပေးလျက် ရှိပါကြောင်း၊

• ထိုသို့ရောဂါများကိုကာကွယ်နိုင်ခြင်းကြောင့် နိုင်ငံတော်အနာဂတ်ဖြစ်သော ကလေးငယ်များ တွင် ရောဂါများဖြစ်ပွားခြင်းမရှိတော့ဘဲ ကျန်းမာကြံ့ခိုင်ကာ တိုးတက်ဖွံ့ဖြိုးမှုများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊

• (၁၁) မျိုးသော ရောဂါများဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် လာရောက်ကုသမှုခံယူရခြင်းလည်းနည်းပါလာကာ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအနေဖြင့် ထိုသို့နည်းပါးသော လူနာများကို အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးဝါးပစ္စည်းများ ကုန်ကျမှု၊ ဓာတ်ခွဲ၊ ဓာတ်မှန် စမ်းသပ်စစ်ဆေးရမှု စရိတ်များလည်း သက်သာလျော့နည်းလာကာ ပြည်သူများအတွက် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ဘဏ္ဍာငွေများ ပိုမိုအသုံးပြုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

 

• ယခု (၂၀၁၉) ခုနှစ် ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ်ပွဲတွင် နိုင်ငံတော်၏ အနာဂတ် များဖြစ်သော ကလေးငယ်များ၏ မိဘများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများ အနေဖြင့်လည်း ကလေးငယ်များအား ပိုလီယိုအကြောသောရောဂါကာကွယ်ရန် အပိုဆောင်းတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိသော ယခုနှစ် သြဂုတ်လ မှ အောက်တိုဘာလ အတွင်းတွင် ဆေးတိုက်ကျွေးသည့် နေရာများသို့ သွားရောက်၍ တိုက်ကျွေးပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊

• ထို့အပြင် ရောဂါကာကွယ်ဆေးများ၏အကျိုးကျေးဇူးများကို ဝေမျှပေးကြကာ ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊

• (၂၀၁၄) ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပိုလီယိုရောဂါကင်းစင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကြေညာနိုင်ခဲ့သော်လည်း ဝေးလံခက်ခဲဒေသများမှ ကလေးငယ်များအပါအဝင် ကလေးငယ်များကို ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတိုက်ကျွေးပေးရန် ပျက်ကွက်ခြင်း၊ တိုက်ကျွေးသင့်သည် အချိန်အတိုင်း တိုက်ကျွေးရန် ပျက်ကွက်ခြင်းများ ရှိသောကြောင့် ပိုလီယို ရောဂါဖြစ်ပွားမှုများ ပြန်လည်ဖြစ်ပွားခဲ့ပါကြောင်း၊

 

• ပိုလီယိုအကြောသေ ရောဂါဖြစ်ပွားပါက ပြန်လည်ကုသ၍ မရဘဲ ပိုလီယိုရောဂါဖြစ်ပွားသူသူများတွင် နေထိုင်မှုအရည်သွေးများ လျော့ကျခြင်း၊ မိသားစုတွင် ဝန်ထုတ်ဝန်ပိုးဖြစ်စေခြင်းနှင့် နိုင်ငံတော်အတွက်လည်း တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပွား ရပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးအသိပညာများကြွယ်ဝကာ ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးမှု ခံယူခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုများ သိသာစွာ လျော့နည်းကျဆင်းလာမည်ဖြစ်ပါ ကြောင်း၊

• ထို့အတွက် ဝန်ကြီးဌာနမှ Mobile Tablet များ အား အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များထံ ဖြန့်ဝေပေးလျက်ရှိပြီး ၎င်း Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေး စကားဝိုင်းငယ်များ ပြုလုပ်ခြင်း အပါအဝင် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• Gavi အဖွဲ့မှ ဝန်ကြီးဌာနသို့ Mobile Tablet အလုံးရေ (၁၇,၀၀၀) ကို လှူဒါန်းမည်ဖြစ်ပြီး မကြာမီရက်သတ္တပတ်များအတွင်း ဝန်ကြီးဌာနမှလက်ခံ ရရှိမည်ဖြစ်ကာ အဆိုပါ Mobile Tablet များကို အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထံသို့ လာမည့် မကြာမီကာလအတွင်း ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊

• ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေး များဝယ်ယူရန်အတွက် နိုင်ငံတော် အစိုးရမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀) သန်းကို အသုံးပြုထားရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Unicef၊ Gavi၊ Rotary Club Yangon အဖွဲ့ တို့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အပါအဝင် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပံ့ပိုးမှုများအားလည်း ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ Gavi အဖွဲ့မှ (၂၀၁၂) ခုနှစ်မှ (၂၀၁၇) ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၁၁၆) သန်း ကူညီခဲ့ပြီး (၂၀၁၈) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ထပ်မံ၍ အမေရိကန်ဒေါ်လာ (၁၂၃) သန်း ပေးအပ်ခဲ့သည့်အပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် Rota ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ဝမ်းလျောရောဂါ ကာကွယ်ဆေးကို (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း၊ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကို (၂၀၂၀) ခုနှစ်၊ ဇူလှိုင်လတွင်လည်းကောင်း ထပ်မံတိုးချဲ့၍ အခမဲ့ ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊

• ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းကာ အနာဂတ်ဘဝ လှပစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပံ့ပိုးပါဝင် ကူညီသည့် အဖွဲ့အစည်းများ အားလုံးကိုလည်း (၂၀၁၉) ခုနှစ် ကမ္ဘာ့ပိုလီယိုနေ့၌ ကျေးဇူးတင်ရှိ မှတ်တမ်းတင်အပ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် မိမိတို့၏ သား၊ သမီး၊ မြေး၊ မြစ်များ၊ အိမ်နီးချင်း ကလေးငယ်များ ရောဂါကင်းဝေး ကျန်းမာစေရေးအတွက် ရောဂါကာကွယ်ဆေးများအား အကြိမ်ရေပြည့် ထိုးနှံတိုက်ကျွေးမှု ခံယူကြစေရေး အားလုံးဝိုင်းဝန်း၍ ပံ့ပိုးနှိုးဆော် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြားရာတွင် -

• ယခု အထိမ်းအမှတ် စက်ဘီးစီးနင်းပွဲကို မိမိတို့ မန္တလေးတိုင်းဒေသကြီး၊ ထိုမှတဆင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၊ ထိုမှတဆင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပိုလီယို အကြောသေ ရောဂါဆိုးကြီးမှ ကင်းစင်ပပျောက်စေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ သတိပြုမိကြစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း၊

• ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ဘဝအရည်အသွေးများ မြှင့်တင်နိုင်ခြင်း၊ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေခြင်းအကျိုးကျေးဇူးများ ရရှိကာ အနာဂတ်အတွက်ရင်းနှီးမြုပ်နှံခြင်းလည်းဖြစ်ပါကြောင်း၊

• ကမ္ဘာတစ်ဝှမ်းလုံးတွင် Smallpox ကျောက်ရောဂါကင်းစင်ပပျောက်စေရန် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ပိုလီယိုရောဂါ ကင်းစင်ပပျောက်စေရန် အတွက်လည်း သမိုင်းမှတ်တိုင်စိုက်ထူနိုင်ရန် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်းစက်ဘီးနင်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က စက်ဘီးစီးနင်းပွဲကို အချက်ပြသေနတ်ပစ်ဖောက် စတင်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ် စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ Unicef၊ Rotary Club နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စက်ဘီးစီးအဖွဲ့များ၊ ပြည်သူလူထုများ စုစုပေါင်း (၈၀၀) ဉီးခန့် စက်ဘီးစီးနင်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

More Tags