ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့

     ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား - သတင်း)

 

     ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျန်းမာရေးအဆင့်မြှင့် ကျောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲ အန္တရာယ်များ၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် လူနေမှုဘဝပုံစံများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုလျော့ကျရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျောင်းသားကျောင်းသူများ ဂိမ်း အလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 

     ထို့နောက် ဖွင့်ပွဲအခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားရာတွင် -

• ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍလုပ်ငန်းစဉ်များအတွက် လမ်းပြမြေပုံကြီးဖြစ်သော အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) နှင့် တန်းတူညီစွာပင် အရေးကြီးပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ (၂၀%) ခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေအရွယ် လူငယ်များ ကျန်းမာမှု အဆင့်မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီးတစ်ခုလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် လွန်စွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သည့် အမှာစကားတွင်ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန်အတွက် အခြေခံသဘောတရားနှင့် လမ်းညွှန်များ သဖွယ်ပင်ဖြစ်ပါကြောင်း၊

• အဆိုပါအချက်များကို ကိုးကား၍ ယခု နှီးနှော ဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင် ကဏ္ဍစုံမှ ပညာရှင်များ၏ သုံးသပ်ဆွေးနွေးအကြံပြုချက်များကို ရယူပြီး နိုင်ငံ၏ အခြေအနေနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ခံအချက်အလက်များနှင့် ကိုက်ညီသည့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ၊ မူဘောင်များနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းစဉ်များချမှတ်ရာတွင် လက်ရှိ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ ပစ္စည်းကိရိယာနှင့် နည်းပညာစသည့် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစွာဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည်များကို ဦးစားပေးအလိုက် သတ်မှတ်ရေးဆွဲချမှတ်သွားရမည်ဖြစ်ပါကြောင်း၊

• အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေအကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

• ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအကြောင်းအရာ (၇) ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် နှီးနွှယ် ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအားလုံး ကိုယ်တိုင် လိုလားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင်လည်း ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ကာ စနစ်တကျ ထိရောက်စွာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း (monitoring and evaluation) စနစ်ကို တစ်ပါတည်း ထည့်သွင်း၍ checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်များပြုလုပ်ကာ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည်များကို အားဖြည့်မွမ်းမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် လုပ်ငန်းဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့် ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုများကို အသုံးချ သုတေသနဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

 

• “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများက ဦးစီးဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်မှုသည် အရေးကြီးပါကြောင်း၊

• ကျောင်းနေအရွယ်လူငယ်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုအလေ့အထများ ခိုင်မြဲစွာရရှိစေရန်အတွက် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• ကျောင်းမုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များကိုသာ ရောင်းချစေရေးသည်လည်း အရေးကြီးသဖြင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘ-ဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

• ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ်အကြောင်းအရာ (၇) ရပ် နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉) ရပ် တို့ ပေါင်းစပ်၍လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်တည်တံ့စေရေးအတွက် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ရှိ ကျောင်းအားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများ သာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များလည်း ပါဝင်စေနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ကျောင်းအုပ်ကြီးများနှင့် ဆရာများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် sense of ownership ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ကျောင်းသားအရွယ်လူငယ်ထုများတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတစွာဖြင့် နေထိုင်ခြင်းတို့ဖြင့် မကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ခြင်း၊ ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွမ်းခြင်း အကျိုးကျေးဇူးများရရှိကာ ဘဝနေထိုင်မှု အရည်အသွေးများမြင့်မားလာမည်ဖြစ်ပါကြောင်း၊

• အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များနှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည်မြင့်မားသည့် ကျောင်းများကို အသိအမှတ်ပြုဆုများ ချီးမြှင့်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်၍တွင် သက်ဆိုင်ရာ စီမံချက်အလိုက် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘဝများ ပိုင်ဆိုင်ကာ နိုင်ငံတော်ကြီးအတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ချမှတ်ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) နဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာ ရောက်ရှိရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့် ခွဲခြားမှုမျှ မရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်း ရှိသော လူသားကောင်းများဖြစ်လာစေရန် ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းလျက် ကျောင်း ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသော ရေ သုံးစွဲရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ စနစ်တကျ စွန့်ပစ်ရေး၊ ကူးစက် / မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး၊ စိတ်ပိုင်း/ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေးဆိုင်ရာ အစီအစဉ်များကို ကြိုးပမ်း အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊

 

• ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်လည်း ပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)၊ တတိယတန်း(Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များတွင် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ တို့ကိုလည်း အခမဲ့ဖြန့်ဝေပြီး သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊

• ယခုဆွေးနွေးပွဲတွင် နိုင်ငံတော်အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုအသွင်ဖြင့် "ကိုယ်စိတ်၊ ကျန်းမာလူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံအလှ" အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အားပေးလူငယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြင့် အကောင်းဆုံး ပူးပေါင်း၍ နိုင်ငံ့လူဦးရေ၏ ၂၀% ခန့်ရှိသော ကျောင်းသားကျောင်းသူများ၊ သင်ယူသူများ၊ လူငယ်များ အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး မူးယစ်ဆေးဝါးကင်းစင်ရေး၊ အရက် ဘီယာကင်းစင်ရေး၊ ဆေးလိပ်ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလန်းမှု လျော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါလို့ မေတ္တာရပ်ခံ တင်ပြအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး ကဏ္ဍအလိုက် တင်ပြဆွေးနွေးခြင်းများ၊ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး မေးမြန်းခြင်းများနှင့် သုံးသပ် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်းနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည် တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးများ၊ နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟောပြောပို့ချမည့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 
 

More Tags