Union Minister attends ‘Wednesday Morning Meeting' of Ministry of Health and Sports (24-4-2019)

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဗုဒ္ဓဟူးနေ့၊ နံနက်ပိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆွေးနွေးမျှဝေသည့် အကြောင်းအရာနှင့် သက်ဆိုင်သောညွှန်ကြားရေးမှူးများအနေဖြင့် မဖြစ်မနေတက်ရောက်စေလိုကြောင်းနှင့် အခြားစိတ်ဝင်စားသူများ တက်ရောက်နိုင်ရန် အသိပေးကြေညာရန်လိုအပ်ကြောင်း၊

• ဤအစည်းအဝေးသို့တက်ရောက်ခြင်းဖြင့် ဦးစီးဌာနအသီးသီး၊ ကျန်းမာရေးစီမံချက်အသီးသီးမှ ဆောင်ရွက်နေသည်များကို သိရှိနိုင်ကြောင်း၊ မိမိတို့ကလည်းထင်မြင်ချက်နှင့် အကြံဉာဏ်များ ပေးခွင့်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အချင်းချင်းပိုမိုနားလည် ရင်းနှီးမှုရှိလာမည်ဖြစ်ကြောင်း၊

• မိမိတို့အနေဖြင့်အနာဂတ်တွင် ကျန်းမာရေးစီမံချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိထိရောက်စေရန်အတွက် အတူပူးပေါင်းဆောင်ရွက်နိုင်သော လုပ်ငန်းများကို တတ်နိုင်သမျှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က မြန်မာနိုင်ငံတွင် အဖြစ်များသော သွေးအားနည်းခြင်းနှင့် ပုညှက်ခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် ဗီတာမင်အေ၊ ဘီ - ၁၊ ဘီ - ၃၊ ဘီ - ၆၊ ဘီ - ၁၂၊ ဖောလစ်အက်စစ်၊ သံဓာတ်နှင့် ဇင့်ဓာတ်တို့ကို မြန်မာနိုင်ငံအာဟာရလိုအပ်ချက်နှင့် ကိုက်ညီစေရန် တွက်ချက် ပေါင်းစပ်ထုတ်လုပ်ထားရှိသော အားဖြည့်ဆန်နှင့် ပတ်သက်၍လည်းကောင်း၊

     ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင် သူနာပြုကျင့်ဝတ်များသင်ကြားလေ့ကျင့်ပေးမှုများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထိုသို့ရှင်းလင်းပြောကြားမှုများအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

     ယနေ့ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန) ဒေါက်တာမိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags