NOW LOADING

ICRC အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian နှင့်အဖွဲ့က (၂၀၁၈)ခုနှစ် အတွင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ (၂၀၁၉) ခုနှစ်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီးထံလာရောက်တင်ပြ

နေပြည်တော်၊ မတ်လ (၁၂)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် International Committee of the Red Cross (ICRC) အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian နှင့်အဖွဲ့က (၂၀၁၈) ခုနှစ် အတွင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ (၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ အဖွဲ့၏ လူအင်အားတိုးမြှင့်မှုနှင့် ဗီဇာလျှောက်ထားမှု ဆိုင်ရာကိစ္စရပ်များအားလာရောက် တင်ပြခဲ့ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Mr. Stephan Sakalian က ပြောကြားရာတွင် -

• ICRC အဖွဲ့သည် နိုင်ငံတကာဝန်ထမ်း (၉၆)ဦးနှင့် ပြည်တွင်းဝန်ထမ်း (၇၀၀)ဦးတို့ဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အရေးပေါ်လူနာ လွှဲပြောင်းပို့ဆောင်ခြင်း၊ ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကျန်းမာရေးဌာနများနှင့်လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခဲ့ပါကြောင်း၊

• ဆက်လက်၍လည်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့နှင့် ပူးပေါင်းလက်တွဲ၍ အရေးပေါ် ကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက လူနာတင်ယာဉ်များအတွက် ယာဉ်မောင်းများခန့်အပ်ပေးခြင်း၊ ကျန်းမာရေးအဆောက်အဦ ပိုင်းဆိုင်ရာပံ့ပိုးမှု၊ စွမ်းရည်မြှင့်သင်တန်းများ ပေးအပ်မှု စသည်တို့ကိုပါ ဆောင်ရွက်သွား မည်ဖြစ်ကာ ပိုမိုပြည့်စုံသည့် ရေရှည်ကာလအတွက်လုပ်ငန်းများကို ပါလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊

• ICRC အဖွဲ့မှ အသစ်ခန့်ထားမည့် နိုင်ငံတကာဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာလျောက်ထားမှုနှင့် တာဝန်ပြီးဆုံး၍ ထွက်ခွာသွားမည့်သူများနေရာတွင် အစားထိုးဝင်ရောက်မည့်သူများ ပြည်ဝင်ခွင့်ဗီဇာရရှိရေး ကိစ္စများတွင် ဝန်ကြီးဌာန ၏ ပံ့ပိုးဆောင်ရွက်ပေးမှုကိုလိုအပ်ပါကြောင်း၊

• ယခင်က ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခဲ့စဉ်က ပြည်ထောင်စုဝန်ကြီးမှ အကျဉ်းကျခံရသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်ပြုစုတင်ပြပါရန် တာဝန်ပေးအပ်ခဲ့ရာ ယခုအခါ အဆိုပါလမ်းညွှန်မူကြမ်းကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊

• ICRC မှ နိုင်ငံတကာဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းတိုးရန်နှင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေး ကိစ္စရပ်များ အပါအဝင်ကို လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အတူပူးပေါင်းဆောင်ရွက်ခြင်းသည်ကောင်းမွန်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများ၊ စာရင်းဇယားအချက်အလက်များကို ဝန်ကြီးဌာနသို့ ပုံမှန်ပေးပို့တင်ပြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာအောင်ကျော်ထွေး၊ လက်ထောက်အတွင်းဝန် (ပြည်တွင်းပြည်ပဆက်ဆံရေး) ဒေါက်တာကျော်ခိုင်၊ ICRC မှ Senior Advisor U Nyunt Ohn၊ Senior Advisor U Sai Kong Kham နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

More Tags