COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ရာ နေရာများအား ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းသွားရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေး ဆေးရုံဝင်း အတွင်းရှိ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လာသူများနှင့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား မည်သည့်ရောဂါလက္ခဏာမျှ မရှိသော်လည်း အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)ပြုလုပ်နေသော (၃)ထပ်လူနာ ဆောင်အသစ်သို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုကဲ့သို့ သွားရောက်ခဲ့ရာ၌ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုဆရာများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်နှင့် အခက်အခဲ များကို မေးမြန်းပြီး လမ်းညွှန်မှာကြားရာ၌ -

• ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးစီး၍ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီး အသွားအလာကန့်သတ်ခြင်း (Quarantine)ပြုလုပ်ခြင်း လုပ်ငန်းကို စီမံဆုံး ဖြတ်ရန်၊

• အချိန်ပို ဆင်းရသောဝန်ထမ်းများကို နေ့တွက်စရိတ် အပိုဆောင်းထောက်ပံ့ပေးရန်၊

 

• ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်းများ (PPE) လုံလောက်စွာထောက်ပံ့ပေးရန်၊ အခြားလိုအပ်ချက်များရှိပါက COVID-19 Group email မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်၊

• ဓါတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုးကို စစ်ဆေးမတွေ့ရှိရ၍ အိမ်တွင် ထားရှိပြီး အသွားအလာ ကန့်သတ်ကာ ဆက်လက်စောင့်ကြပ်ကြည့်ရှုရမည့်သူများကို လိုက်နာဆောင်ရွက်ရမည့် အချက်များအား သေချာစွာရှင်းလင်းပြောကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပေးထားရန်၊ ပုဂ္ဂိုလ်ရေးရာလုံခြုံမှုရှိစေရေးကို ဂရုတစိုက်ကြပ်မတ်ပေးရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံရှိ အဆိုပါ(၃)ထပ် လူနာဆောင်သစ်တွင် လူဦးရေ(၁၀၀)ကို ထားရှိစောင့်ကြပ်နိုင်ရန် အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လာသူ များနှင့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သောသူများကို မည်သည့် ရောဂါလက္ခဏာမျှမရှိသော်လည်း အသွားအလာကန့်သတ်ထားရှိ၍ စောင့်ကြပ် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုသို့သွားရောက်ကြည့်ရှုရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

More Tags