COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုပါဝင်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends the coordination meeting on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုပါဝင်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယနေ့အစည်းအဝေးကို တက်ရောက်လာကြသော မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အနေဖြင့် ဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွား မှုသတင်းများရရှိပြီးနောက် (၅-၁-၂၀၂၀) ရက်နေ့ကတည်းက စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပါကြောင်း၊

• (၃၀-၁-၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါအား ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public health emergency of international concern) အဖြစ်သတ်မှတ် ကြေညာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများဆောင်ရွက်ရန် အချက်များကို တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိုသို့မကြေညာမီကတည်းက အဆိုပါ အချက်များကို လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မိမိတို့နိုင်ငံအပါအဝင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိသေးသော နိုင်ငံများအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြုထားချက် များသည်လည်း ဝန်ကြီးဌာနမှ ဆောက်ရွက်နေသည့် လုပ်ငန်းများနှင့်ကိုက်ညီ ပါကြောင်း၊

 

• မိမိတို့နိုင်ငံတွင် ယခုအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာမတွေ့ရှိရ သေးသော်လည်း လူနာတစ်ဦးဝင်ရောက်လာပါက အခြားသူများထံကူးစက်ပြန့်ပွား ကာ ရုတ်တရက် ရောဂါဖြစ်ပွားမှုများ များပြားလာနိုင်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ ပြည်သူတစ်ဦးတစ်ယောက်မျှ ရောဂါကူးစက် ဖြစ်ပွားမှုမရှိစေရန်နှင့် အသက်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြတ်သားစွာဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံသို့ COVID-19 ရောဂါ သတင်းအချက်များကို ကွယ်ဝှက်ထားခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် စက်ပစ္စည်းကိရိယာများ ယခင်ကတည်းက ရှိြပီးဖြစ်၍ ရောဂါပိုးသစ်ကိုစစ်ဆေးရန် Primers, Probes နှင့် Reagents များအား ဂျပန်၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံများထံမှ ပံ့ပိုးမှုကို လက်ခံရရှိခဲ့ပြီးနောက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊

 

• ထိုသို့စစ်ဆေးရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် အဖြေများကိုက်ညီတူညီခဲ့ပြီးဖြစ်သဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ မှ ပညာရှင်များမှ ကိုယ်တိုင်သီးခြားလွတ်လပ်စွာ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ဆေးရုံပိုင်းဆိုင်ရာ ကုသရေး လုပ်ငန်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊

• လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း မွမ်းမံပြုစုဖြန့်ဝေခဲ့ပါ ကြောင်း၊

• ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းမှုအစည်းများ ပြုလုပ်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်၍ လည်းကောင်း၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ video conferencing များဖြင့် ချိတ်ဆက်၍လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ရှုထောင့်ပေါင်းစုံမှု ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ဆောင်ရွက်နေပါ ကြောင်း၊

• ထို့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်မှုရှိ စေရန်အတွက် - ကပ်ရောဂါဗေဒရှုထောင့်သုံးသပ်ဆန်းစစ်မှုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့၏ ဆေးရုံပိုင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့၊ နိုင်ငံတကာဝင်၊ ထွက်ဂိတ်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းဆန်းစစ် သုံးသပ်မှု အဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

 

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားဆောင်ရွက်နေသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• ပြည်သူ့ကျန်းမာရေး အတိုင်းအတာတစ်ခုကျေနပ်မှုရှိပြီး ဆေးရုံပိုင်း ဆိုင်ရာကြိုတင်ပြင်ဆင်မှုလုပ်ငန်းများပိုမိုကောင်းမွန်စေရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများမှ ပံ့ပိုးဆောင်ရွက်မှုများ ပေးအပ် စေလိုပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးဝန်ကြီးများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ လူမှုရေးအဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များဖြင့် ဆက်လက်လုပ်ဆောင်နေပါကြောင်း၊

• ယခုကဲ့သို့ အရေးပေါ်ကျန်းမာရေးပြဿနာနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများ၊ ကုသရေးပညာရှင်များနှင့် teleconference နှင့် video conference များပုံမှန် ပြုလုပ်၍ လုပ်ငန်းဦးတည်ချက်တူညီစေရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

• ဝန်ကြီးဌာနမှ လုပ်ဆောင်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် အားဖြည့်ဆောင်ရွက်ခြင်းတို့ကိုလည်းလုပ် ဆောင်လျက်ရှိပါ ကြောင်း၊

 

• ယခု COVID-19 ရောဂါ ကမ္ဘာတွင်ဖြစ်ပွားမှုဖြစ်စဉ်များ၊ မိမိတို့၏ ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းတွင် မျိုးဆက်သစ်ပညာရှင်များအတွက် လေ့လာနိုင်ရန် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း မှတ်တမ်း (document) များစနစ်တကျထားရှိခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့တွင် ပြန်လည် သင်ကြားဆွေးနွေးခြင်း တို့လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• ယခုအစည်းအဝေးသို့တက်ရောက်လာသူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံကောင်းများ မျှဝေပေးအပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနသည် နိုင်ငံတကာကျန်းမာရေးဝန်ကြီးဌာနများ၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအရာရှိများနှင့် သတင်းပေးပို့ချိတ် ဆက်မှုများဆောင်ရွက်ကာ ပြည်ပတွင် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့ပြီး ပြည်တွင်းသို့ ဝင်ရောက်ခဲ့သူများအား ရှာဖွေ၍ အသွားအလာကန့်သတ် (quarantine) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း၊

• ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများထိရောက်စေရေး၊ ပြည်သူများ ရောဂါကာကွယ်ရေးနည်းလမ်းများသိရှိစေရေးတို့အတွက် ကျန်းမာရေးအသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်းများ မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 
 

• ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေ သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ပွင့်လင်းစွာဖြင့် အကြံပြုခြင်း၊ ဆွေးနွေးခြင်းများလုပ်ဆောင်စေ လိုပါကြောင်း၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်ကိုက်ညီသည့် ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မိုးခိုင်၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်စိုးထက်တို့က COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု၊ ဆေးရုံပိုင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ လှူဒါန်းလက်ခံရရှိမှု အခြေအနေနှင့် ရောဂါဖြစ်ပွားခြင်း ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်တို့ကို သက်ဆိုင်ရာကဏ္ဍ အလိုက် တင်ပြခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်၊ မြန်မာ နိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ပထမအတွင်းဝန်၊ မြန်မာ နိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ Public Health England၊ အလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများတာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်ထောက်ပံ့ပေးမည့် အစီအစဉ်များအား အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

 

     ထို့နောက် အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ ရုတ်သိမ်းခဲ့ပါသည်။ ယင်းညှိနှိုင်းအစည်းအဝေးပွဲသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

More Tags