Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ကုသရေးအတွက် မန္တလေးမြို့ပေါ်ဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the meeting on strengthening hospital preparedness for detection and response to 2019 Novel Coronavirus (COVID-19)

မန္တလေး၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည့် Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ကုသရေးအတွက် မန္တလေးမြို့ပေါ်ဆေးရုံများအားလုံးတွင်
ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ဖြစ်ပွားမှု သည် အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် အခြေ အနေ(Evolving situation) ဖြစ်နေသောကြောင့် မိမိတို့အနေဖြင့် မန္တလေးမြို့ရှိ ဆေးရုံအုပ်ကြီးများနှင့် မန္တလေးဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများနှင့် ဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ၌ မည်သည့် ပုံစံဖြင့် ပါဝင်ပံ့ပိုးဆောင်ရွက်ရမည်ကို အသိပေးရှင်းပြရခြင်းဖြစ်ပါကြောင်း၊

 
• မန္တလေးမြို့နှင့် အနီးအနားမြို့များ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ များစွာနေထိုင် သွားလာလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ဤရောဂါဖြစ်ပွားနိုင်မှုအခြေအနေများကို မျက်ခြေမပြတ်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊

ယခုအခါ၌ ဤရောဂါဖြစ်ပွားသူများ၏ သေဆုံးနှုန်းသည် (၂.၈) ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရသည့်အပြင် ဤရောဂါ၏ ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားကူးစက်ခံရနိုင်ခြေရှိသူများထံ ကူးစက်မှုအခြေခံနှုန်း (R0(R nought) ) သည်လည်း မြင့်မားသည့်အတွက် မန္တလေးမြို့နှင့် အနီးအနားမြို့များလည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများ၌ လည်းကောင်း အထူးဂရုစိုက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုံးဝ အရှိန်လျှော့၍မရဘဲ ဆက်လက်အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခုအခါမန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံများတွင် သံသယနှင့် စောင့်ကြည့်လူနာများကို စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေပြီး အကယ်၍ ဓာတ်ခွဲအတည်ပြုလူနာများ၊ ရောဂါပြင်းထန်သည့်လူနာများ ရောက်ရှိပေါ်ပေါက်လာပါက အရည်အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆေးပညာပါမောက္ခများ ဝိုင်းဝန်းရေးသားပြုစုထားသည့် ကုသရေးလမ်းညွှန်များအတိုင်း ကုသပေးရန် အဆင်သင့်စီစဉ် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊

 

• မန္တလေးတိုင်းဒေသကြီးသို့ တရားဝင် နှင့် တရားမဝင် ဝင်၊ ထွက်ပေါက်များမှ ဝင်ရောက်လာသော သူများသည် ရောဂါပျိုးချိန် (incubation period) ကာလအတွင်း ရောဂါလက္ခဏာများမပြသသေးဘဲ ပကတိကျန်းမာစွာနေထိုင်နေသော်လည်း

အချိန်မရွေးရောဂါလက္ခဏာများပေါ်ပေါက်လာနိုင်သည့်အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊
• မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူ့ကျန်းမာရေးဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ ကုန်သွယ်ရေးရှုထောင့် စသည်ဖြင့် ရှုထောင့်ပေါင်းစုံကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါ၏ ဖြစ်ပေါ် ပြောင်းလဲမှု သဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက်လေ့လာလျက်ရှိပြီး လက်ရှိတွင် ရောဂါသည် ရောဂါရှိသူတစ်ဦးမှ အခြားသူများထံ (လူအချင်းချင်း) ကူးစက်နိုင်မှု၊ ရောဂါပျိုးချိန်သည် (၂) ရက်မှ (၁၀) ရက်အတွင်း ရှိမှုနှင့် ရောဂါကူးစက်ပြန့်ပွားခြင်းမြန်ဆန်မှုတို့ကို တွေ့ရှိထားပါကြောင်း၊

• COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၄) အနက် (၂၅) နိုင်ငံတွင် ဖြစ်ပွားမှုရှိနေပြီး မိမိတို့နိုင်ငံတွင် လက်ရှိအချိန်၌ ဖြစ်ပွားမှုမတွေ့ရှိရသေးသော်လည်း အထူးအလေးထား သတိပြုစောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း သို့ဝင်ရောက်လာသူများ၏ ရာခိုင်နှုန်းအများစုသည် ၎င်းတို့ ယခင်ကတည်းက ဌားရမ်းထားပြီးဖြစ်သော နေအိမ်များသို့ သွားရောက်နေထိုင်သည်ကိုတွေ့ရှိရသည့် အချက်သည် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အထူးအရေးကြီး၍ အဓိကကျသော အချက်တစ်ခုဖြစ်သည်ကို သိရှိစေလိုပါကြောင်း၊

• ၎င်းတို့ အများစု တည်းခိုနေထိုင်လျက်ရှိသည့် နေရာများအား မြေပုံစာရင်း (mapping) ပြုစု၍ ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ၌ ရောဂါဖြစ်ပွားမှုအား စောစီးစွာ သိရှိကုသမှု ဆောင်ရွက်နိုင်ရန် ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများကို အထူးအရှိန်အဟုန်မြှင့်ကာဆောင်ရွက်ရာတွင် တရုတ်ဘာသာစကားဖြင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

• အလားတူ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင်လည်း တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာအချက်အလက်များဖြန့်ဝေခြင်းကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း သို့ဝင်ရောက်လာသူများ၏ ရာခိုင်နှုန်းအများစုသည် ၎င်းတို့ ယခင်ကတည်းက ဌားရမ်းထားပြီးဖြစ်သော နေအိမ်များသို့ သွားရောက်နေထိုင်သည်ကိုတွေ့ရှိရသည့် အချက်သည် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အထူးအရေးကြီး၍ အဓိကကျသော အချက်တစ်ခုဖြစ်သည်ကို သိရှိစေလိုပါကြောင်း၊

• ၎င်းတို့ အများစု တည်းခိုနေထိုင်လျက်ရှိသည့် နေရာများအား မြေပုံစာရင်း (mapping) ပြုစု၍ ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ၌ ရောဂါဖြစ်ပွားမှုအား စောစီးစွာ သိရှိကုသမှု ဆောင်ရွက်နိုင်ရန် ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများကို အထူးအရှိန်အဟုန်မြှင့်ကာဆောင်ရွက်ရာတွင် တရုတ်ဘာသာစကားဖြင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

• အလားတူ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင်လည်း တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာအချက်အလက်များဖြန့်ဝေခြင်းကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• စောစီးစွာလူနာရှာဖွေဖော်ထုတ်ခြင်း (Early Case Detection)ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးသဖြင့် ပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းကို အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း၊

• ထိုသို့ကျန်းမာရေးအသိပညာပေးရာတွင် လူအများနားလည်လွယ်မည့် သတင်းအချက် အလက်များ ဖြစ်ရန်လိုအပ်သည့်အပြင် အရေးကြီးသည့် ကျန်းမာရေးအသိပညာပေး သတင်း အချက်အလက်များကိုသာ ကျစ်ကျစ်လစ်လစ်သိပ်သိပ်သည်းသည်းအသိပေးခြင်းဖြင့် မိမိတို့၏ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊

• မန္တလေးတိုင်းဒေသကြီးအတွင်း၌ စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားထားရှိကုသမှုပေးရာတွင် လူနာများအား ဆေးကုသမှုပေးခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ရုံသာမက လူနာများနှင့် အနီး ကပ်ထိတွေ့သူများအား ရှာဖွေရန်ခြင်းနှင့် ၄င်းတို့အားနေအိမ် (သို့မဟုတ်) ဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းများသည် ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် အရေးပါသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဖြစ်ကြောင်း၊

 

• ထိုသို့ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှု ပေးနိုင်သည့်အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အသွားအလာကန့်သတ်ပိတ်ပင်၍ ရောဂါဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းများသည် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်သည်ကို ပြည်သူများ သိရှိနားလည်စေရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မျိုးဆက်သစ်ဆရာဝန်နှင့် ပညာရှင်များအတွက် အတွေ့အကြုံနှင့် သင်ခန်းစာများစွာရရှိနိုင်ပြီး နောင်ဖြစ်ပေါ်လာမည့် အခြားကပ်ရောဂါ ဖြစ်ပွားမှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာပြဿနာများအား ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများ၌ များစွာအထောက်အကူပြုနိုင်ပါကြောင်း၊

• မန္တလေးပြည်သူ့ဆေးရုံကြီး၌ ယခုဖြစ်ပွားသော COVID-19 ရောဂါနှင့် အခြားကပ်အသွင်ဖြစ်ပွားနိုင်သော ရောဂါများအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) များကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကပ်ရောဂါဗေဒပညာရှင်များ၏ အကူအညီဖြင့် အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊

 

• မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဆောင်ရွက်လျက်ရှိသည့်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားရှိပြီး ထိုမှတ်တမ်းများအား ဆန်းစစ်သုံးသပ်၍ နောက်ဖြစ်ပေါ်လာမည့် ကပ်အသွင်ဖြစ်ပွားမှုများအတွက် ကြိုတင်ပြင်ဆင် ရမည်ဖြစ်ကြောင်း၊

• မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင်စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားခွဲခြားစောင့်ကြပ် ကြည့်ရှုကုသမှုပေးခြင်း (Isolation)နှင့် ရောဂါထိန်းချုပ်ခြင်း (Infection Control) လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား အလွယ်တကူ သိရှိစစ်ဆေးနိုင်ရန် ပုံစံ(Checklist)တစ်ခုပြုစု၍ စိစစ်သုံးသပ်ခြင်း (Quick review of preparedness on hospitals) ကို ဆောင်ရွက်စေလိုပါကြောင်း၊

• ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားချိန်များတွင် ကန်တော်နဒီဆေးရုံအား လူနာများ သီးခြား ထားရှိကုသခြင်း (Isolation)နှင့် အနီးကပ်ထိတွေ့သူများအာ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူးစက်ရောဂါကုသသည့် သတ်မှတ်ဆေးရုံ (designated hospital) အဖြစ် သတ်မှတ်ပြီး ကြိုတင်ပြင်ဆင်ထားရှိသွားရန် လိုအပ်ပါကြောင်း၊

 

• မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း မဟုတ်မမှန် သတင်းများ၊ ကောလဟလများအား ပြည်သူ့ထံသို့ ချက်ချင်းရှင်းလင်းနိုင်ရန် အစီအမံများ စီစဉ်ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား
ပါဝင်ဆောင်ရွက်နေသူ အားလုံးသိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ပြန်လည်စိစစ်သုံးသပ်ခြင်း (Retrospective review & analysis) ဆောင်ရွက်ပြီး လိုအပ်သည်များ အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• မန္တလေးပြည်သူ့ဆေးရုံကြီး၌ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံများ အလျင်အမြန်ထပ်မံရရှိရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပြီးဖြစ်သဖြင့် ရရှိပါက ချက်ချင်း ထပ်မံ၍ ပေးပို့မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးတွင် -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 ရောဂါစတင်ကူးစက်ဖြစ်ပွားမှုနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ (၃၀-၁-၂၀၂၀) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) ကြေငြာခဲ့မှုနှင့် ပတ်သက်သည့် အချက် အလက်များ၊
• မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုပါကြေငြာချက်အတိုင်မီ (၅-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့မှု အခြေအနေ၊
• ပြောင်းလဲလာသည့် ရောဂါကူးစက်ဖြစ်ပွားမှု (evolving epidemiology) ပေါ်မူတည်၍ ကျန်းမာ ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊
• ပြည်သူလူထုအား အချိန်နှင့်တပြေးညီ မှန်ကန်သော သတင်းများပြန်ကြားပေးမည့် အစီအစဉ် များ၊
• မဟုတ်မမှန်သတင်းများသည် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်ခြင်း (Fear)၊ စတင် ခံစားရပြီး ၎င်းမှသည် အမျက်ဒေါသထွက်ခြင်း (Anger)နှင့် အမုန်းတရား (Hate) ကို ဖြစ်ပေါ်စေ သဖြင့် မဟုတ်မမှန်သတင်းများသည် အမုန်းစကား (Hate Speech) ဖြစ်စေနိုင်သည့်အတွက် မဟုတ်မမှန် သတင်းများ၊ ကောလဟလများနှင့် ပတ်သက်၍ ပြည်သူများထံသို့ ချက်ချင်းရှင်းလင်းတင်ပြနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိမှုများ

 

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပါဝင်ဆောင်ရွက်နေသူ အားလုံးသိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊
• စောင့်ကြည့်လူနာ၊ သံသယလူနာများတွေ့ရှိမှုများပြားလာပါက ဆေးရုံများတွင်ရောဂါ ကာကွယ်ရေး ဝတ်စုံများ(Personal Protective Equipment- PPE)များ ပိုမိုလိုအပ်လာနိုင်သည့် အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်မည့် အခြေအနေ၊
• ရောဂါစောင့်ကြပ် ကြည့်ရှု၍ သတင်းပေးပို့ ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊
• လက်ရှိဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာများ၏ ကျန်းမာရေးသက်သာ ကောင်းမွန်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ ၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth စသည့်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံ ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 
 
 

More Tags