Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၂၂/၂၀၂၀) ကျင်းပ (21-2-2020, 9:00 am)

Union Minister Dr. Myint Htwe attends the central coordination meeting (22/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်
 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၀) ကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• မိမိတို့နိုင်ငံတွင် လက်ရှိ၌ Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူများ မတွေ့ရှိရသေးသော်လည်း အချိန်မရွေးလူနာများ ဖြစ်ပွားတွေ့ရှိ လာနိုင်သည်ဆိုသည့် အချက်ကို မိမိတို့ ဝန်ထမ်းများနှင့် ပြည်သူများသည် အထူး သတိပြုရမည်ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများ သည် ယင်းအချက်ကို နောက်ခံထား၍ ရောဂါကာကွယ်မှု၊ ထိန်းချုပ်မှုလုပ်ငန်းများကို ဆေးရုံများ၌ ပိုမိုထိရောက်စွာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လက်ရှိတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ အကယ်၍ COVID-19 လူနာ (၄) – (၅) ဦးတစ်ချိန်တည်း စုပြုံ၍ ဆေးရုံတစ်ရုံသို့ ရောက်ရှိလာပါက မည်သို့ဆောင်ရွက်ရမည်ကို ကြိုတင်စဉ်းစားထား၍ အသင့်ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း၊

• ထိုသို့ လူနာများတွေ့ရှိခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဖြစ်ရပ်အခြေပြု (Case Scenario) နှင့် စားပွဲတင်လေ့ကျင့်ခန်း (Table top exercise) များဖြင့် ဆွေးနွေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လမ်းညွှန်မှုများပေးအပ်ရန် အရေးကြီးပါကြောင်း၊

 

• ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဆေးရုံများအား ဗဟိုအဆင့် ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကျန်ဆေးရုံကြီးများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူးများမှ ကွပ်ကဲဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊

• ဆေးရုံများ တွင်ကြိုတင်ပြင်ဆင်မှုများကို ရေးဆွဲထားသော Checklist များဖြင့် ချက်ချင်းစစ်ဆေးလုပ်ဆောင်သွားရန်လိုအပ်ပါကြောင်း၊

• ဆေးရုံများရှိ ပြင်ပလူနာဌာနများသည်လည်း လူနာနှင့်လူနာရှင်များ ပထမဆုံး ထိတွေ့ရ သည့်အတွက် လူနာနှင့် လူနာရှင်များကို အဆင်ပြေစွာကုသပေးနိုင်ရန်အတွက် သေချာစွာပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

• အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်နှင့် နီးသော ဆေးရုံများ၌ ကြိုတင်စိစစ်ဆန်းစစ်ကာဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း၊

 

• Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ အဓိကဖြစ်ပွားသောနေရာ (Epicenter) သည်ယခုအချိန်ထိ ဟူပေပြည်နယ် တစ်ခုသာရှိသော်လည်း နောက်ထပ်ဖြစ်ပွားသောနေရာ (Subepicenter) များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် အခြားနိုင်ငံများ၌လည်း ပေါ်ပေါက်နိုင်သည့်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆက်လက် အားစိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

• ရောဂါ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်ခွဲပညာရှင်များ၊ ကုသရေးပညာရှင်များ နှင့် ကူးစက်ရောဂါဗေဒ ပညာရှင်များ စနစ်ကျစွာပူးပေါင်းဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူးများသည် အဓိကညှိနှိုင်းကွပ်ကဲသူ (Chief Coordinator) များအဖြစ်ဆောင်ရွက်သွားရန်နှင့် ဗဟိုသို့ ကပ်ရောဂါဗေဒဆိုင်ရာ နှင့် ကုသမှုပိုင်းဆိုင်ရာ အရေးကြီးသည့် အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီပေးပို့ရမည်ဖြစ်ပါကြောင်း၊

 

• တစ်ပါတည်းပြောကြားလိုသည်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးများ အနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းမှုဖြင့် လုပ်ငန်းများ ‌ကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်မှု (Containment Phase) တွင် ဆေးရုံနှင့် ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှု ခြင်း (Hospital and Community based Surveillance) လုပ်ငန်းများသည် ယခုလောလောဆယ်အချိန်ကာလ၌ မရှိမဖြစ်လုပ်ဆောင်ရန် အရေးပါ သည့်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး (TMO) များက သက်ဆိုင်ရာမြို့နယ်အလိုက် အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးသော COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအတွက် ညွှန်ကြားချက်များ၊ ပြည်သူများအတွက် အသိပေးနှိုးဆော်မှုအကြောင်းအချက်များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်အစည်းအဝေး မှတ်တမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့် နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် သတင်းများ၊ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများ အစရှိသည်တို့ကို သိသာထင်ရှားဖတ်ရှုလွယ်စေရန် အတွက် စနစ်တကျထားသိုထားရမည်ဖြစ်ပါကြောင်း၊

• နယ်စပ်ဒေသများရှိ ပြည်သူများအတွက် လည်းကောင်း၊ ခက်ခဲဒေသတွင် နေထိုင်သော ပြည်သူများအတွက် မြန်မာ့အသံတိုင်းရင်းသားအစီအစဉ်မှ ယခုထက်အရေအတွက် ပိုမိုတိုးမြှင့် လွှင့်ပေးရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပိုစတာနှင့် လက်ကမ်းစာစောင်များကို ပြည်သူများ သွားလာမှုများပြားသည့် နေရာများ၌ မဟာဗျူဟာကျစွာဖြင့် ဖြန့်ဝေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• နယ်စပ်ဒေသကုန်းလမ်းမှ ဝင်ထွက်သွားလာသူများကို သေချာစွာ ရောဂါစောင့်ကြပ်ကြည့်ရှုရန် ဖြစ်ပါကြောင်း၊

• နိုင်ငံတကာအပျော်စီးသင်္ဘောများ ဝင်ရောက်မှုတွင်လည်းကောင်း လေဆိပ်များမှ ဝင်ရောက်လာသူများတွင်လည်းကောင်း ရောဂါစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ အား မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေးအခြေအနေနှင့် အခြားနှီးနွှယ်သော အချက်အလက်များကို နောက်ခံထား၍ ကိုက်ညီလျက် သေချာစွာကြပ်မတ် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက်များ၊ ညွှန်ကြားချက်များအား နေ့စဉ် နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ပြီး လက်တွေ့မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် မဟာဗျူဟာများချမှတ် လုပ်ဆောင်ရန်လိုအပ်ပါကြောင်းနှင့်

• ယခုလက်ရှိတွင် ထိုသို့ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊

 

• မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကျန်းမာရေးလုပ်ငန်းတာဝန်ရှိသူများ (IHR focal Point) အနေဖြင့် အခြားနိုင်ငံများရှိ အပြည်ပြည်ဆိုင်ရာကျန်းမာရေးလုပ်ငန်းတာဝန်ရှိသူ (IHR focal Point) များနှင့် ထူးခြားဖြစ်စဉ်များအပြင်၊ လုပ်ငန်းစဉ်များအားလည်း အသိပေးညှိနှိုင်းဖလှယ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံ၌ ဤရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ ကမ္ဘာတွင် ဆောင်ရွက်နေမှုများနှင့် ချိတ်ဆက်မှုရှိရန် လိုအပ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်အဖွဲ့များသည်လည်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထပ်မံရောက်ကြောင်းသိရှိရသည့်အတွက် ဤ ရောဂါနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားမှု သတင်းအချက်အလက်များပိုမိုတိကျ ပြည့်စုံစွာ သိရှိနိုင်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရောဂါဖြစ်ပွားမှုအခြေအနေများသည် ရောဂါထိန်းချုပ်မှု အောင်မြင်သင့်သလောက် အောင်မြင်နေသည်ဟု မှတ်ချက်ချ၍ ရပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဤရောဂါထိန်းချုပ်မှုဆောင်ရွက်မှု အခြေအနေများသည် မိမိတို့နိုင်ငံသို့ ရောဂါမပြန့်ပွားစေရန်အတွက် ရောဂါထိန်းချုပ်မှု လုပ်ငန်းများအောင်မြင်စေရန် အတွက် များစွာ အထောက်အကူပြုပါကြောင်း၊

• အထူးအရေးကြီးသည့် အချက်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူးများနှင့် ဗဟိုမှ တာဝန်ရှိသူများ Video Conferencing ကို အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရန်နှင့် အရေးကြီးသည့် တွေ့ရှိချက်များ၊ ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဗဟိုကော်မတီသို့ အချိန်နှင့် တစ်ပြေးညီအကြောင်းကြားရန် ဖြစ်ပါကြောင်း၊

 

• အလားတူစွာ သက်ဆိုင်ရာ ကုသရေးဆရာဝန်ကြီးများမှ တွေ့ဆုံဆွေးနွေးခြင်းများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်၍ အတွေ့အကြုံများဖလှယ်ရန် သည် အရေးကြီးပါကြောင်း၊ နိုင်ငံတကာတွင် ကုသထုံးများရှာဖွေနေမှုကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊

• လိုအပ်ပါက မိမိတို့ ထုတ်ပြန်ပေးထားသော ကုသရေးပိုင်းဆိုင်ရာ လမ်းညွှန်ချက်များကို အသစ်ရှာဖွေတွေ့ရှိသော ကုထုံးများနှင့် အညီ မွမ်းမံပြင်ဆင်ရမည်ဖြစ်ပြီးလိုအပ်သော ဆေးဝါးများနှင့် ပစ္စည်းကိရိယာများကိုလည်း အဆင်သင့်ဖြည့်ဆည်းထားရမည်ဖြစ်ပါကြောင်း၊

• အလားတူစွာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများသည် နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် တယ်လီဖုန်းနှင့် ခေတ်ပေါ်ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုဆက်သွယ်၍ သတင်းများဖလှယ်ခြင်းဖြင့် လုပ်ငန်းများပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ပြောကြားချက်ဖြစ်သော ဤရောဂါဖြစ်ပွားသူ (၁၀၀) လျှင် (၈၀) ရာခိုင်နှုန်းမှာ ပြင်းထန်မှုနည်းပါးသောရောဂါ (mild disease) ခံစားရခြင်း၊ (၁၅) ရာခိုင်နှုန်းမှာ ပြင်းထန်သည့် ရောဂါ (severe disease) ခံစားရခြင်း၊ (၅) ရာခိုင်နှုန်းမှာ အထူးပြင်းထန်စွာရောဂါခံစားရခြင်း (critically ill) ဖြစ်ပွားသည်ဟု သိရှိရသည့် အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီးသည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ရသည့် အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုရှိလာပါကလည်း ဤပုံစံအတိုင်းဖြစ်နိုင်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယခုလောလောဆယ်ကာလအတွင်း တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ပြုလုပ်ရန်လိုအပ်ပါကြောင်း၊

• ဘာသာရေး အဆောက်အဉီများ၊ ဘုန်းကြီးကျောင်းများ၊ Church ကျောင်းများ၊ ဟိန္ဒူဘာသာကျောင်းများ၊ ဗလီကျောင်းများ နှင့် စက်ရုံများ၊ ကျောင်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပညာပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊

 

• သီးခြားထားရှိကုသခြင်း (Isolation) နှင့် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) ၏ အရေးကြီးမှုကို ပြည်သူများ သေချာသိရှိနားလည် စေရေးနှင့် ထိုသို့ဆောင်ရွက်ရာတွင် ခွဲခြားဆက်ဆံပြုမူခြင်းမဟုတ်ကြောင်းနှင့် Quarantine အလုပ်ခံရသူနှင့် ၎င်း၏မိသားစု၊ ပတ်ဝန်းကျင် အတွက်ပါ အကျိုးကျေးဇူး ရှိပါကြောင်း ပြည်သူများကို အမြဲတမ်းအသိပေးထားရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ခြင်းအား ယခုလောလောဆယ်ကာလအတွင်း၌ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် နိုင်ငံအတွင်း၌ COVID-19 ရောဂါပိုးအားစစ်ဆေးနိုင်ရေးရန် Reagents, Primers နှင့် Probes များရရှိနေပြီ ဖြစ်သည့် အတွက် မိမိတို့၌ နဂိုကတည်းက ရှိသည့် ဓာတ်ခွဲစက်ကြီးများကို အသုံးပြု၍ မိမိတို့နိုင်ငံ၌ ပင် ဤရောဂါကို ဓာတ်ခွဲစစ်နိုင်ပြီဖြစ်သည့် အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ပညာရှင်ဝန်ထမ်းများ၏ ဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊

• ရောဂါပိုးသတ်သန့်စင်ရေး လုပ်ငန်းများ (Disinfection Procedure)အတွက် လိုအပ်သည့် ဓာတုဆေးပစ္စည်းများ မိမိတို့ လက်ဝယ်ရှိမှုအခြေအနေနှင့် လိုအပ်ပါက ချက်ချင်း ဖြည့်တင်းဆောင်ရွက်သွားရန် ဘဏ္ဍာငွေချထားမည်ဖြစ်ပါကြောင်း၊

• ခြုံငုံသုံးသပ်ရမည်ဆိုပါက COVID-19 နှင့် ပတ်သတ်၍ စောစီးစွာ စုံစမ်းထောက်လှမ်းခြင်းနှင့် ကုသပေးခြင်း ( Early detection and prompt treatment) ၊ အနီးကပ်ထိတွေ့သူများအား စုံစမ်း ထောက်လှမ်းခြင်း (Contact tracing) သေချာစနစ်ကျစွာ အားလုံးပေါင်းစည်းလုပ်ကိုင်ပါက မိမိတို့ မျှော်မှန်းသည့် COVID-19 ရောဂါ ဖြစ်ပွားမှုမရှိခြင်း ဖြစ်ပွားပါကလည်း ထိခိုက်သေဆုံးမှုနည်းပါးခြင်း စသောအခြေအနေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိအပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများအားလုံးနှင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်-

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ WHO Situation Report no.31 ၌ သံသယလူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာ သတ်မှတ်ချက် ပြောင်းလဲခဲ့မှုအား တင်ပြမှု၊

• COVID-19 ရောဂါနှင့်ပတ်သတ်သည့် ရောဂါဗေဒဆိုင်ရာများ၊ နိုင်ငံတကာတွင် ဆောင်ရွက် ထားရှိသော သုတေသနစာတမ်းများ၊အား အကျဉ်းချုပ်တင်ပြမှု၊

• ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အကြောင်းကြားထားသည့် မြန်မာနိုင်ငံသို့ဝင်ရောက်ရန်ရှိသည့် အပျော်စီးသင်္ဘောများ၏ ခရီးလမ်းစဉ် (Tract record)၊ ခန့်မှန်းခရီးသည်စာရင်း၊ နိုင်ငံတကာဆိပ်ကမ်းများတွင် တက်/ဆင်းခရီးသည် အသစ်များရှိမှု၊

• (၂၄-၂-၂၀၂၀) ရက်နေ့တွင် ဆိပ်ကမ်းအာဏာပိုင်များ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ဆွေးနွေး ဆောင်ရွက်ရန်စီစဉ်ထားရှိမှု၊

• အမေရိကန် US CDC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့မှု၊

• ၎င်းအဖွဲ့မှ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသော လူထုအခြေပြုရောဂါစောင့်ကြပ်ကြည့်ရှုမှု (Community based surveillance) အပေါ် ဆက်လက်လုပ်ဆောင်ရန်ထောက်ခံခဲ့မှု၊

• မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တရုတ်နိုင်ငံသား (၈) ဉီးအား လုပ်ငန်းခွင်အတွင်း အသွားအလာကန့်သတ်ခြင်း (Work Quarantine) ဆောင်ရွက်ထားရှိမှုအခြေအနေအား တင်ပြခြင်း၊

• မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိကုသဆောင် ပြင်ဆင်ထားရှိ ဆောင်ရွက် နေမှုအခြေအနေများ၊

• ခုတင် (၅၀) နှင့် အထက် ဆေးရုံများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် အသုံးပြုရန် လက်ကိုင်အသံချဲ့စက်ငယ်များ စီမံဝယ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု၊

• စောင့်ကြည့်လူနာများတွင် ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ပြီးနောက် (၄၈) နာရီ ထပ်မံထားရှိပြီးမှသာ ဆေးရုံမှဆင်းခွင့်ပေးမှု၊ ထိုသို့ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း (၁၄) ရက်ကြာ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စောင့်ကြည့်လူနာ၏လိပ်စာနှင့် ဖုန်းနံပတ်များ ရယူ၍ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များမှ ဆက်သွယ်ဆောင်ရွက်နေမှု၊

• ဆေးရုံများအတွက် အသက်ရှူစက်များ (Ventilator)များ ထပ်မံဝယ်ယူဖြည့်တင်းထားရှိမှုနှင့် ဆက်လက်ဝယ်ယူရေး စီစဉ်ထားရှိမှု၊

• ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို တွက်ဆရေးဆွဲထားသည့် စီမံချက် (COVID-19 Contingency plan) အား ရေးဆွဲထားရှိမှုနှင့်

• နိုင်ငံတကာမှ လာရောက်ရန်ရှိသည့် ဆေးပစ္စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ကုသရေး) နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth စသည့်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံ ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags