Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၂၀)ပြည့်နှစ်၊ မတ်လ (၂၁)ရက်

     ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အတူ တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း က -

• မိမိတို့ပါတီ၏ ပြည်သူနှင့်အတူ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်နေပြီး ယခု COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများသည် ပြည်သူများအတွက် ဇီဝတဒါနအသက်ကယ်သည့်လုပ်ငန်းများဖြစ်သဖြင့် မိမိတို့မှ တတ်အားသရွေ့ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် Skynet (ရွှေသံလွင်မီဒီယာ)မှ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က -

• မိမိတို့ အနုပညာရှင်များအနေဖြင့် ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ရန် အမြဲအသင့်ရှိနေပါကြောင်း ပြောကြားခဲ့ပြီး၊

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်တို့က -

• မိမိတို့အနေဖြင့် ယခုကဲ့သို့လှူဒါန်းခြင်းကိုသာမက ဆေးနှင့်ဆေးပစ္စည်းလှူဒါန်းလိုသူများအားလည်း ရောင်းချသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားရာတွင် -

 

• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အသွားအလာ ကန့်သတ်ထားရှိသူများအား ထားရှိနိုင်ရန်အတွက် အခန်း(၅၀၀)ခန်း ပြင်ဆင်ထားရှိပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဈေး၊ ဈေးဝယ်စင်တာများ၊ shopping mall များကို ပိတ်ရန် အစီအစဉ်မရှိပါကြောင်း၊

• ပြည်သူများအနေဖြင့် ကောလာဟလသတင်းမှားများကို မယုံကြည်ကြစေလိုပါကြောင်း၊

• လိုအပ်ပါက ခုတင် (၃၀၀) ဆံ့ ယာယီဆေးရုံ (၂) ခုကို ဖွင့်လှစ်အသုံးပြုနိုင်ရန် စီစဉ်လျာထားမှုများရှိပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းမှုများသည် ကျန်းမာရေးဝန်ထမ်း စိတ်ဓာတ်ခွန်အားများကို ရရှိစေမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့သော ကပ်ရောဂါ၊ စိန်ခေါ်မှု အခက်အခဲကို ပြည်သူများအားလုံးနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• လက်ရှိအချိန်ထိ COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင် (၁၉၄)နိုင်ငံတွင် (၁၇၇)နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အပါအဝင် (၁၇)နိုင်ငံတွင်သာ ရောဂါဖြစ်ပွားမှု မတွေ့ရှိသေးပါကြောင်း၊ မိမိတို့သည် COVID-19 ဆိုသည့် ရန်သူကို သိနေပြီဖြစ်သည့်အတွက် ရန်သူဝင်ရောက်လာခြင်းမရှိစေရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်မှာ (၂)လခွဲခန့် ရှိပြီဖြစ်ပါကြောင်း၊

• COVID-19 ရောဂါပိုးကူးစက်ခံရသူများ၏ (၈၀%)ခန့်သည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ သာမန်လက္ခဏာများသာရှိပြီး ပြင်းထန်မှုမရှိကြောင်း၊ (၁၅%) ခန့်သည် ပြင်းထန်သော လက္ခဏာများ ဖြစ်ပွားပြီး လူနာများ၏ (၅%) ခန့်တွင်သာသေဆုံးနိုင်သည်အထိ ပြင်းထန်စွာ ဖြစ်ပွားနိုင်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးကဏ္ဍမှနေ၍ ရောဂါကာကွယ်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်း၊ ရောဂါဖြစ်ပွားရာ ဒေသမှ ခရီးသည်များ နိုင်ငံအတွင်းသို့ ဝင်ရောက်မှု နည်းပါးအောင် ဆောင်ရွက်နေခြင်းကြောင့် ယခုအချိန်အထိ ဓါတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း မိမိတို့နိုင်ငံအတွင်းသို့ ရောဂါရန်သူ ဝင်ရောက်နေသကဲ့သို့ သဘောထား၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

 

• ထိုကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အချိန်နှင့်တစ်ပြေးညီ စီမံဆုံးဖြတ် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီးဖြစ်ပါ ကြောင်း၊

• မိမိတို့သည် ယခုအချိန်တွင် စစ်ပွဲတစ်ခုကို တိုက်ခိုက်နေသကဲ့သို့ သဘောထား၍ လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သို့မဟုတ်ပါက ထိခိုက်နစ်နာဆုံးရှုံးမှုများမည် ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကူးစက်ပြန့်ပွားပုံသဘောသဘာဝကို လက်ရှိအချိန်တွင် ရာနှုန်းပြည့် အတိအကျ မသိရှိသေးသော်လည်း သိရှိရသော အချက်အလက်များအရ ရောဂါကူးစက် ဖြစ်ပွားနေသူ၏ အသက်ရှူလမ်းကြောင်းမှ အစက်အမှုန်များသည် ထိုလူနာ၏ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ပြင်ပသို့ ရောက်ရှိပြီး (၆)ပေခန့် အတွင်းရှိပတ်ဝန်းကျင်မှ အခြားသူများကို တိုက်ရိုက်ကူးစက်နိုင်ခြင်း (သို့မဟုတ်) အဆိုပါ ရောဂါပိုးပါရှိသော အစက်အမှုန်များ ကပ်ငြိနေသည့် ပစ္စည်းများ၊ အရာဝတ္ထုများကို လက်ဖြင့်ကိုင်တွယ်မိပြီး နှာခေါင်း၊ မျက်စိတို့ကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်ခံရသည်ကို တွေ့ရှိပါကြောင်း၊

 

• ထိုကဲ့သို့ ကိုင်တွယ်မိသော လက်များကို ရေနှင့် ဆပ်ပြာ အသုံးပြု၍ (၂၀)စက္ကန့်ခန့်ကြာအောင် စနစ်တကျဆေးကြောပါက COVID-19 ဗိုင်းရပ်စ်ပိုးသည် ကောင်းစွာသေပါကြောင်း သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား လက်ကို မကြာခဏ စနစ်တကျ ဆေးကြောသန့်စင်ရန် ပြောကြားနေရခြင်း ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာနှင့် Facebook စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာ ဖော်ပြလျက်ရှိ၍ ပြည်သူများအနေဖြင့် ပုံမှန်ကြည့်ရှုကြစေလိုပြီး ထပ်ဆင့်ဖြန့်ဝေ စေလိုပါကြောင်း၊ သတင်းမှန်များကို ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် သတင်းမှားများ၊ ကောလာဟလများ လျော့နည်းပပျောက်သွားမည်ဖြစ် ပါကြောင်း၊

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားသည့် “ပြည်သူသာလျှင်အဓိက” ဖြစ်သည်ဆိုသည့်အတိုင်း ပြည်သူများကိုယ်တိုင် အသိစိတ်ဓါတ်ရှိစွာဖြင့် မိမိကိုယ်ကို ရောဂါမကူး စက်ခံရအောင် ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါကြောင်း၊

 

• အလှူရှင်များ ယခုလှူဒါန်းသည့် အသက်ရှူစက် (ventilator) များ၊ လူနာစောင့်ကြည့်စက် (patient monitor) နှင့် အခြားဆေးနှင့် ဆေးပစ္စည်းကိရိယာများသည် ကျန်းမာရေးဝန်ထမ်းများက လူနာများကို ပြုစုကုသရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး လူနာများ၏ အသက်များစွာကို ကယ်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုလှူဒါန်းမှုများသည် COVID-19 ရောဂါအတွက်သာမက အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကုသရမည့် အခြားလူနာများအတွက်လည်း များစွာ အကျိုးပြုမည်ဖြစ်ပါကြောင်း၊

• အဆိုပါစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ ဆရာဝန်များ၊ သူနာပြုဆရာမများကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်၍ ရေတို၊ ရေရှည်ကာလနှစ်ခုစလုံးအတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း၊

• လက်ခံရရှိသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို လိုအပ်သောနေရာများတွင် ထိရောက်အကျိုးရှိစွာ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် လမ်းညွှန်ချက်များထုတ်ပြန်ပြီး ဦးစားပေး နေရာများရွေးချယ်ကာ စနစ်တကျသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊

 

• ယခုလှူဒါန်းသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများသည် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုလျော့ နည်းစေရေးနှင့် သေဆုံးမှုမရှိစေရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ကောင်းများ ဖြစ်ပါကြောင်း၊

• အလှူရှင်များကို ဆရာဝန်/ဆရာမများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက လူနာများကို ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည်ဖြစ်၍ ကျေးဇူးတင်ကြမည့်အပြင် မိမိအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်းကောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး အနေဖြင့် လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဦးသိန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လှူဒါန်းမှုအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီးပေးအပ် ခဲ့ပါသည်။

 

အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် (၄၃) ဦးထံမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေ (၄၂၅,၆၀၀,၀၀၀)ကျပ် (ကျပ်လေးထောင့်နှစ်ရာငါးဆယ့်ခြောက်သိန်း)ကိုလည်းကောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၀,၀၀၀)၊ ငွေကျပ် (၅,၆၅၈) သိန်းကျော်၊ စင်ကာပူဒေါ်လာ (၁၀၀,၀၀၀)၊ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) တန်ဖိုးရှိ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းကိရိယာ (၂)စုံ၊ အသက်ရှူစက် (ventilator) (၁၃)စုံ၊ High Frequency X-rays (၂) လုံး၊ Patient Monitor (၃) လုံး၊ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ကိုလည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းငွေစုစုပေါင်း ကျပ်(၁၅) သိန်းနှင့် ငွေကျပ် (၆၅၈)သိန်းကျော် တန်ဖိုးရှိ အသက်ရှူစက် (၁)စုံ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ပရိဘောဂများ၊ ခေါက်ဆွဲနှင့် ကြာဇံ အထုပ်ရေ(၁၀၀,၀၀၀)၊ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ၊ Safety Surgical Kit များ၊ Air Cooler (၁၀) လုံးနှင့် ငွေကျပ် (၆၇) သိန်း၊ ဒေါ်လာ (၄၄၀၀) တန်ဖိုးရှိ အင်တာနက်နှင့် CCTV များကိုလည်းကောင်း လက်ခံ ရရှိခဲ့ပါသည်။
ယနေ့ လှူဒါန်းပွဲတွင် အလှူရှင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းသော အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း တန်ဖိုးမှာ (၁,၀၈၀,၄၁၀,၄၇၆) ကျပ်၊ အမေရိကန်ဒေါ်လာ (၂၄,၄၀၀) နှင့် စင်ကာပူဒေါ်လာ (၁၀၀,၀၀၀)ရှိပါသည်။

 
 

More Tags