NOW LOADING

Chemonics International Inc. မြန်မာနိုင်ငံရုံး၏ ညွှန်ကြားရေးမှူး Mr. Mehmood Anwar နှင့် အဖွဲ့က National Supply Chain Operational Plan နှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီးထံလာရောက်တင်ပြ

နေပြည်တော်၊ မတ်လ (၁၄)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မတ်လ (၁၃)ရက်၊ နံနက်ပိုင်းတွင် Chemonics International Inc. မြန်မာနိုင်ငံရုံး၏ ညွှန်ကြားရေးမှူး Mr. Mehwood Anwar နှင့် အဖွဲ့က National Supply Chain Operational Plan နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကိုလာရောက်တင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

Mr. Mehmood Anwar၊ Technical Director Dr. Moe Kyaw Kyaw နှင့် Consultant Mr. Pierre de Vasson တို့က ရှင်းလင်းတင်ပြရာတွင် -

• (၂၀၁၄) ခုနှစ်အတွင်းက ဝန်ကြီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးထောက်ပံ့ပေးပို့မှုစနစ်ကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ အမျိုးသားအဆင့်ဆေးနှင့် ဆေးပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၂၀)ကို သက်ဆိုင်ရာ ကျန်းမာရေးစီမံချက်များ၊ ကျွမ်းကျင်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်များ ပါဝင်ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊

• အဆိုပါ မဟာဗျူဟာစီမံကိန်းပါလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းစီမံချက် operational plan ကို ဆက်လက်ရေးဆွဲရာတွင် မဟာဗျူဟာစီမံကိန်းကို ဆန်းစစ်သုံးသပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးပေးပို့မှုစနစ်၏ လက်ရှိအခြေအနေများကို ဆန်းစစ်သုံးသပ်ခြင်း၊ ပထမအကြိမ် အစည်းအဝေး ပြုလုပ်၍ အကြံပြုချက်များရယူခြင်း၊ လမ်းပြမြေပုံရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊

 

• အဆိုပါ လုပ်ငန်းစီမံချက် operational plan ကို အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) နှင့် ကိုက်ညီမှုရှိစေရန် ရေးဆွဲခဲ့ပြီး လုပ်ငန်းနယ်ပယ် (၁၂)ခု၊ လုပ်ငန်းအထောက်အကူပြုနယ်ပယ် (၅)ခုဖြင့် ပါဝင်ရေးဆွဲခဲ့ပါကြောင်း၊

• လုပ်ငန်းစီမံချက် operational plan နှင့်ပတ်သက်၍ အကြံပြုချက်များ၊ လမ်းညွှန်မှုများ ရယူနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်သွားလိုပါကြောင်း၊

• ထိုသို့ အလုပ်ရုံဆွေးနွေးပွဲမတိုင်ခင် အကြိုညှိနှိုင်းဆွေးနွေးမှု အစည်းအဝေး (၂)ကြိမ်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းများကို ဖိတ်ကြားတက်ရောက်ပါဝင်စေရေး အကြံပြုလိုပါကြောင်း ပြောကြားခဲ့ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ဖြန့်ဖြူး ထောက်ပံ့ပေးပို့မှုစနစ်ကြီးတစ်ခုလုံး ပိုမိုကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှု အပေါ်ကျေးဇူးတင်ရှိပါကြောင်း၊

• WHO, Unicef, World Bank, USAID, ADB အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများမှ Senior Representative များကို ဖိတ်ကြား၍ လုပ်ငန်းစီမံချက် operational plan နှင့် ပတ်သက်သည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်စေကာ အကြံပြုချက်များ ရယူမည်ဖြစ်ပါကြောင်း၊

• ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် အသေးစိတ်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်နှင့် အဖွဲ့ တို့နှင့် ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါ သည်။

More Tags