NOW LOADING

အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာများ အစည်းအဝေး (Asian EPI Program Managers Meeting) သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

Union Minister Dr. Myint Htwe delives the opening remarks at "Asian EPI Program Managers Meeting"

 

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Park Royal Hotel တွင် ကျင်းပသော ကာကွယ်ဆေး နည်းပညာဖြစ်ထွန်းတိုးတက်မှုများ ဆွေးနွေး ဖလှယ်သည့် အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာများ အစည်းအဝေး (EPI Program Managers Meeting) သို့ တက်ရာက်ခဲ့ပါသည်။

 


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

ဤအစည်းအဝေးတွင် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နောက်ဆုံးပေါ် အသိပညာ၊ နည်းပညာများနှင့် အတွေ့အကြုံကောင်းများကိုဆွေးနွေး မျှဝေကြမည်ဖြစ်၍ များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

တက်ရောက်လာကြသူများအနေဖြင့် ဤအစည်းအဝေးမှတစ်ဆင့် ပုဂ္ဂိုလ်ရေး ရင်းနှီးဆက်သွယ်မှုမျိုးသာမက အဖွဲ့အစည်းအချင်းချင်း ကွန်ယက်ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းကိုလည်း ရယူစေလို ပါကြောင်း၊

ဆွေးနွေးမည့် ခေါင်းစဉ်များတွင် ရာသီတုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဆုံဆို့နာရောဂါ၊ ရိုတာဝမ်းပျက်ဝမ်းလျှောရောဂါ၊ သားအိမ်ခေါင်းကင်ဆာ၊ ခွေးရူးရောဂါ၊ အသည်းရောင်အသားဝါဘီ စသော ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ဘက်စုံသုံးသပ် ဆွေးနွေးသွားကြမည်ကို တွေ့ရှိရပါကြောင်း၊

ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များက မတူညီသော ရှုထောင့်အမျိုးမျိုးမှ တင်ပြဆွေးနွေးကြမည်ဖြစ်၍ စဉ်းစားတွေးခေါ်မှုအသစ်များကို ဖြစ်ထွန်းပေါ်ပေါက်စေမည်ဟု ယုံကြည်ပါကြောင်း၊


 

ယနေ့ဆွေးနွေးသော အကြောင်းအရာအချက်အလက်များကို သေချာစွာ မှတ်တမ်းတင်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်တို့တွင် ပြည်လည်ဆွေးနွေး သင်ကြားစေလိုပါကြောင်း၊

မိမိအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်သော အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံ ပေါင်းစုံပါဝင်သော သုတေသန (multi centric research) များကို ဆောင်ရွက်ကြစေလိုပါကြောင်း၊

ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကျွမ်းကျင်မှုနှင့်နည်းပညာ၊ ကာကွယ်ဆေးနှင့် ဆက်စပ် ပစ္စည်းများ၊ မတူကွဲပြားခြားနားသော လူမှုစီးပွားပတ်ဝန်းကျင်အခြေအနေများ၊ အအေးလမ်းကြောင်း ထိန်းသိမ်းရေး စသည့် အမျိုးမျိုးသော စီမံခန့်ခွဲရေးများကို ပါဝင်ဆောင်ရွက်ရသဖြင့် အလွန်ကျယ်ပြန့်သော လုပ်ငန်းဖြစ်ပါကြောင်း၊

ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ အသုံးချသုတေသနများပြုလုပ်၍ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုပါကြောင်း၊

ကောင်းမွန်မှန်ကန်သော စီမံခန့်ခွဲမှု ရှိရန်လိုအပ်သည်သာမက အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းများကိုလည်း checklist ဖြင့် အမြဲမပြတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊


 

ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းသတင်းအချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာ ဆန်းစစ်ပြီးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သက်ဆိုင်သူအားလုံးသို့ ပြန်လည်ပေးပို့ အကြောင်းကြားခြင်းလုပ်ငန်းများကို ကျန်းမာရေးစောင့်ရှာက်မှု စနစ်လုပ်ငန်း အဆင့်ဆင့်မှ တာဝန်ရှိသူများ အားလုံးက ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ရှိရန်လည်း လေ့လာသင်ကြားရမည် ဖြစ်ပါကြောင်း၊

ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိရောက်ပီပြင်ပြီး ကာကွယ်ဆေးထိုးလွမ်းခြုံမှု မြင့်မားလာပါက ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်ပွားမှုများ လျော့နည်းလာခြင်း၊

ဆေးရုံ၊ ဆေးခန်းသို့ လာရောက်ပြသရသူ လူနာ နည်းပါးသွားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ လျော့ကျသွားခြင်းစသော ဆင့်ပွားကောင်းကျိုး များစွာ ရရှိမည်ဖြစ်ပါကြောင်း၊

နိုင်ငံတကာ ပညာရှင်များ၏ သုတေသနတွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အမေရိကန် (၁)ဒေါ်လာရင်းနှီးမြှုပ်နှံပါက (၄၅)ဒေါ်လာအထိ အကျိုးအမြတ်ပြန်လည် ရရှိနိုင်သည်ကို တွေ့ရှိရပါ ကြောင်း၊

ပြည်သူများ၏ ကျန်းမာရေးအသိပညာအဆင့်အတန်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်မှုတို့သည် တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊

ကာကွယ်ဆေးနှင့်ပတ်သက်သော မိဘပြည်သူများ၏ အသိပညာမြင့်မားလာပါက ကာကွယ်ဆေးထိုးစုရပ်များသို့ ပိုမိုလာရောက်ထိုးနှံလာမည်ဖြစ်ပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်း ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း၊

ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအသိပညာ စာတတ်မြောက် မှုမြင့်မားရေးအတွက်လည်း ဝန်ကြီးဌာနမှ ဘက်စုံကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းအား ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် သတ်မှတ်ဆောင်ရွက်နေပါကြောင်း၊

ကာကွယ်းဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးမှုလုပ်ငန်း တစ်ခုတည်းကိုသာမက ကလေးနှင့်အတူလိုက်ပါလာသော မိဘအုပ်ထိန်းသူများကို မိခင်နှင့်ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုး ရေး၊ မျိုးဆက်ပွားကျန်းမာရေး စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုပါ ပေါင်းစပ်ထည့်သွင်း (Immunization Plus) ဆောင်ရွက်ပါက ပိုမိုအကျိုးရှိ ထိရောက်မည်ဖြစ်ပါကြောင်း၊

ထို့အပြင် မိဘအုပ်ထိန်းသူ (၄-၅) ဦးနှင့် ဝိုင်းဖွဲ့ဆွေးနွေး၍ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး အခက်အခဲ၊ စိုးရိမ်မှု၊ သိမြင်နားလည်မှုနှင့် သဘောထားအမြင်များကို သိရှိနားလည်အောင် ဆောင်ရွက်ကြစေလို ပါကြောင်း၊


 

ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် မိမိသာ ကလေးမိဘဖြစ်ပါက ကာကွယ်ဆေးနှင့်ပတ်သက်၍ မည်ကဲ့သို့လက်ခံရရှိလိုသည်၊ ဆက်သွယ်ပြောကြားစေလိုသည်ကို ခံစား တွေ့မြင်၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊

အခမ်းအနားအစီစဉ်တွင်လည်း မိဘပြည်သူအုပ်ထိန်းသူများကိုယ်တိုင် ကာကွယ်ဆေးကို လိုလားစွာတောင်းဆိုထိုးနှံလက်ခံရေး မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရေးဆိုသည့် ခေါင်းစဉ်ပါဝင်သည်ကို တွေ့ရှိရ၍ အလွန်ကောင်းမွန်ပါကြောင်း၊

နေရာဒေသတစ်ခု၏ကာကွယ်ဆေးလွှမ်းခြုံမှုရာခိုင်နှုန်းသည် ၅၀% ခန့်သာရှိပါက ကာကွယ်နိုင်မှုစွမ်းအားသည် နည်းပါးကာ အုပ်စုလိုက်ကာကွယ်နိုင်မှုစွမ်းအား မရရှိနိုင်ကြောင်းနှင့် လွှမ်းခြုံမှု ၈၀ % သို့မဟုတ် ၉၀% ကျော် မှသာလျှင် ဆပွါးအကျိုးသက်ရောက်ပြီး ကျန်ရှိသည့်လူအုပ်စုများကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊

ကာကွယ်ဆေးထိုး လွှမ်းခြုံမှုကောင်းမွန်ရေးအတွက် မတူကွဲပြားခြားနားသော လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံတွင် Gavi,the vaccine alliance အဖွဲ့၏ ထောက်ပံ့မှုဖြင့် ၂၀၂၀ ခုနှစ် အတွင်းတွင် ရိုတာဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့ကို စတင်ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊

ကာကွယ်ဆေးများ ထိုးနှံပြီးနောက် ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ အလုံအလောက် ထွက်ပေါ်ရရှိရန် အရေးကြီးပြီး ထိုသို့ရရှိနိုင်ရေးမှာ ကာကွယ်ဆေး၏ အရည်အသွေးနှင့် အာနိသင်ပြည့်ဝမှု၊ အအေးလမ်းကြောင်း ထိန်းသိမ်းမှုစနစ်၊ ထိုးနှံပုံနည်းလမ်း၊ သင့်လျော်သော အသက်အရွယ်၊ ကလေးများ၏ ခုခံအားစနစ် စသည်ဖြင့် အကြောင်းအချက်များစွာအပေါ် မူတည်နေပါကြောင်း၊

ကာကွယ်ဆေးထိုး လုပ်ငန်းများ၏ အောင်မြင်မှုအခြေအနေကို ခိုင်မာအားကောင်းသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်မှတဆင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသောရောဂါများဖြစ်ပွားမှု ပမာဏကိုလေ့လာ ဆန်းစစ်ခြင်းဖြင့် တိုင်းတာသိရှိနိုင်ပါကြောင်းပြောကြားခဲ့ပါသည်။


 

     အဆိုပါ ဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်လာကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒေါက်တာတင်တင်လေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒေါက်တာမိုးဆွေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး၊ ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Johns Hopkins Medical Institutions မှ Professor Mathuram Santosham၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့မှ ပညာရှင်များ၊ CDC, PATH, John Snow Inc, The Chinese University of Hong Kong, University of Melbourne ၊ IPAP တို့မှ ပညာရှင်များ ၊ ဗီယက်နမ်၊ ထိုင်း၊ မွန်ဂိုလီးယား၊ လာအိုတို့မှ တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်မန်နေဂျာများ၊ မြန်မာနိုင်ငံကာကွယ်ဆေးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတာဝန်ခံအရာရှိများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

More Tags