အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၅/၂၀၂၀) ကျင်းပ

Union Minister Dr. Myint Htwe attends the central coordination meeting (45/2020) on containment and prevention of Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၃၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အတူ ယနေ့၊ နေ့လယ် (၃:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၅/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေများနှင့် အညီ လုပ်ငန်းစဉ်နှင့် နည်းဗျူဟာများကို မွမ်းမံပြောင်းလဲဆောင်ရွက်ခဲ့ ပါကြောင်း၊

• ယခုအခါ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများအား အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့် ရှောက်ပေးမှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းနှင့် ဆေးရုံတွင်အသွားအလာကန့်သတ်ခြင်းတို့ကို စနစ်တကျ တင်းကျပ်စွာ လုပ်ဆောင်လျက် ရှိပါကြောင်း၊

 

• ထိုသို့ အသွားအလာကန့်သတ်အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများတွင် တိုက်ဆိုင်စစ်ဆေးစာရင်းပုံစံ (checklist) များအား အသုံးပြု၍ အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင် ရွက်ခြင်း ရှိ၊ မရှိအား ဆန်းစစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းပြီး ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ နှင့် အကယ်၍ ရောဂါဖြစ်ပွားခြင်းရှိပါကလည်း အခြားသူများထံ မကူးစက်စေရန် အတွက် အသွားအလာကန့်သတ်ခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊

 

• ဆေးရုံကြီးများ၏ ပြင်ပလူနာဌာန (OPD) များတွင် လူနာများအားလုံးစုပြုံပြသနေခြင်းမှ အဖျားရောဂါလူနာများအတွက် သီးသန့် ပြင်ပလူနာဌာနပြုလုပ်ခြင်းကို မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် စတင်ဆောင်ရွက်လျက်ရှိမှုကို အခြားဆေးရုံကြီးများက လေ့လာ ဆောင်ရွက် စေလိုပါကြောင်း၊

• ယနေ့ Video Conference အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ ရယူလိုသည့် ပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန်လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် -

• လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကပ်ရောဂါ ကဲ့သို့ ဘေးအန္တရာယ်များရောက်သည့်အခါ အသက်ဆုံးရှုံးမှုမရှိစေရေး၊ စည်းစိမ်ဥစ္စာ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေးတို့အတွက် စီမံချက်များချမှတ်၍ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ဦးချင်းစီမှ ရောဂါမကူးစက်စေရေးကာကွယ်နိုင်သည့် နည်းလမ်းများကိုသိရှိကာ အခြားသူများထံမှ ရောဂါကူးစက်ခြင်း မရှိစေရန် နှင့် မိမိတွင်ရောဂါရှိပါကလည်း အခြားသူများထံ မကူးစက် စေရန်တို့အတွက် ဆောင်ရွက်နိုင်ရန်မှာ အရေးကြီးပါကြောင်း၊

• ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် သတင်းများအား ပြည်သူများထံ ထပ်ခါထပ်ခါ ပေးပို့နေရမည်ဖြစ်ပါကြောင်း၊

 

• အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင် ရွက်ခြင်း ရှိ၊ မရှိအား ကြီးကြပ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းကဆောင်ရွက်၍ မရနိုင်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်း ပါဝင် ပံ့ပိုးမှုများဖြင့်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ အသွားအလာ ကန့်သတ်ရာနေရာများတွင် နှစ်သိမ့်ဆွေးနွေးပညာခြင်း၊ COVID-19 ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ရှောက်ရေးနှင့် လူမှုအကာအကွယ်ပေးရေး စီမံချက်များရှိပြီး ယခု အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးတွင်-

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊

• အသွားအလာကန့်သတ်ခြင်းဆောင်ရွက်ရာနေရာများ စီမံခန့်ခွဲရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပါဝင်ပံ့ပိုးနိုင်သည့် ကိစ္စရပ်များ၊

• သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှု များ၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ကဏ္ဍများကို ဆွေးနွေး ခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (လူမှုဝန်ထမ်းဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags