NOW LOADING

ရန်ကုန်တိုင်းဒေသကြီးတွင် ဝက်သက်ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရှိ မြို့နယ်(၃)မြို့နယ် (ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း) နှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ်(၄)မြို့နယ် (လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်)၊ စုစုပေါင်း မြို့နယ် (၇)မြို့နယ်တို့တွင် ဝက်သက်ရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း (Supplementary Immunization Activities) များ စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ တွင် QGIS software ကို အသုံးပြု၍ ပထဝီမြေပြင်တည်နေရာနှင့် သတင်းအချက်အလက်စနစ်အား အသုံးချ ဆောင်ရွက်သွားရန် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှု အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာတွင် -

• ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်မည့်သူများအားလုံး သိရှိနိုင်စေရေးအတွက် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါကြောင်း၊

• ပျံကျရွှေ့ပြောင်းနေထိုင်သူများ၊ ဘေးရှောင်စခန်းများ၊ ပရဟိတစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မိဘမဲ့စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သည့် ကာကွယ်ဆေးထိုးနှံရမည့်သူများ ကျန်လပ်ခြင်း မရှိစေရေး ဆောင်ရွက်သွားရန် ကိစ္စရပ်များလည်း စီစဉ်ထားရှိခဲ့ပါကြောင်း တင်ပြခဲ့ပါသည်။


 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး/ စီမံချက်မန်နေဂျာ (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာထားထားလင်းက ရှင်းလင်းတင်ပြခဲ့ရာတွင် -

• ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံမည်ကို လုပ်ငန်းဆောင်ရွက်မည့် မြို့နယ်များမှ ပြည်သူများထံသို့ သတင်းစာများမှတဆင့်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဖိတ်စာများဖြင့်လည်းကောင်း၊ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သားများမှ ကာကွယ်ဆေးထိုးနှံမည့် ရပ်ကွက်များတွင် အသံချဲ့စက်များ အသုံးပြု၍လည်းကောင်း အသိပေးသွားမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးနှံပေးမည့် ဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များ၊ စေတနာ့ဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များနှင့် ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးအသိပညာပေးရာ၌ အသုံးပြုရန် ကျန်းမာရေးအသိပညာပေး အချက်အလက်များကို ပြုစုထားရှိပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မည့်မြို့နယ်များတွင် အသိပေးရှင်းလင်းတင်ပြပွဲများပြုလုပ်ခြင်း၊လုပ်ငန်းများကို ပူးပေါင်းလက်တွဲဆောင်ရွက်မည့် INGO များ၊ အသင်းအဖွဲ့များနှင့်လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့်သူများအားလုံးကို လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခြင်းနှင့် လေ့ကျင့်ခြင်းတို့ကိုပါလုပ်ဆောင်သွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊

• ကွင်းဆင်းကြီးကြပ်ပံ့ပိုးမှုလုပ်ငန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများမှတာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်း ကြီးကြပ်ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Unicef အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးလုံလောက်မှုရှိစေရန်၊ ကာကွယ်ဆေးထိန်းသိမ်းမှု အအေးလမ်းကြောင်းစနစ် ကောင်းမွန်လုံလောက်စေရန်၊ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံခြင်း၊ ကောက်သင်းကောက် ကာကွယ်ဆေးထိုးနှံခြင်း စသည်တို့ဖြင့် ကာကွယ်ဆေးထိုးနှံရမည့်သူ ကျန်လပ်ခြင်းမရှိစေရန် စသည်တို့အတွက် အသေးစိတ် အစီအစဉ်အား စနစ်တကျရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• လွန်ခဲ့သော (၃-၄)လတာကာလအတွင်း၌ပင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၊ အရှေ့တောင်အာရှဒေသရှိ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံစသည့် နိုင်ငံများအပါအဝင် နိုင်ငံများ၌ ကာကွယ်ဆေး မထိုးနှံထားသူများ၌ ဝက်သက်ရောဂါ ဖြစ်ပွားမှုများနှင့် ရောဂါကြောင့် သေဆုံးမှုများဖြစ်ပွားလျက်ရှိပါကြောင်း၊

• ဝက်သက်ရောဂါသည် အလွန်လျင်မြန်စွာကူးစက်တတ်သောရောဂါဖြစ်ခြင်း၊ ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲရောဂါများကြောင့် ပြင်းထန်စွာအဆုတ်ရောင်ခြင်း၊ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်သည့် ဝမ်းလျှောခြင်း၊ နားအလယ်ခန်းရောင်ခြင်း၊ အမြင်အာရုံထိခိုက်ဆုံးရှုံးခြင်း၊ ဦးနှောက်ရောင်ခြင်းတို့အပြင် အသက်သေဆုံးနိုင်သည်အထိဖြစ်နိုင်ခြင်း၊ ရောဂါကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့်သာ ကာကွယ်နိုင်ခြင်း တို့ကြောင့် လွန်စွာအရေးကြီးသော ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနမှ အထူးအလေးပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ လူစည်ကားရာကျောင်းများ၊ ဈေးများ စသည့်နေရာများရှိ မြင်သာသောနေရာများတွင် ကျန်းမာရေးအသိပညာပေး အချက်အလက်များ ကပ်ထားခြင်းတို့ကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေးမှာ ပုဂ္ဂလိကအခန်းကဏ္ဍသည်လည်း အထူးအရေးကြီးသဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆရာဝန်များအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းလမ်းညွှန်များကိုလည်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့ထံပေးပို့ဖြန့်ဝေရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များတွင် ထည့်သွင်း ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• အဏုစိတ်အစီအစဉ်များရေးဆွဲဆောင်ရွက်သကဲ့သို့ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ တွေ့ရှိရပါကလည်း ဖြစ်ပေါ်လာသည့်အခြေအနေနှင့် ကိုက်ညီစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊

• ကာကွယ်ဆေးထိုးနှံပေးမည့်ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူချောမွေ့စေရေးကိုလည်းအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဒေါက်တာထားထားလင်းနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် QGIS - ပထဝီမြေပြင် တည်နေရာနှင့် သတင်းအချက်အလက် စနစ်အား အသုံးချဆောင်ရွက်သွားရန် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ -

• QGIS စနစ်အသုံးပြုဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာနေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမည့် ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေများ၏ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမည့် လူဦးရေ၊ ကျန်းမာရေး ဌာနများတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်သည့်လမ်းကြောင်း၊ အခြားဌာနဆိုင်ရာများမှ အသုံးပြုသည့်အခြေပြမြေပုံတွင် မပါဝင်သော ပျံကျရွေ့လျားနေထိုင်သူများ နေထိုင်ရာနေရာစသည့် အချက်အလက်များကို ပိုမိုတိကျစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• အဆိုပါ အချက်အလက်များကို အသုံးချ၍ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ကာကွယ်ဆေးထိုးစုရပ်နေရာများထားရှိခြင်း၊ ကာကွယ်ဆေးထိုးအဖွဲ့များ နေရာအလိုက် တာဝန်ခွဲဝေပေးခြင်း တို့ကို စီမံပြုလုပ်နိုင်မည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊

• အဆိုပါစနစ်ကို ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများထံဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များဖြင့်အသုံးချနိုင်ပါကြောင်း၊

• တောင်တွင်းကြီးမြို့နယ်တွင် ကနဦးစမ်းသပ်အသုံးပြုမှုများဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ကနဦးစမ်းသပ်အသုံးပြုမှုများဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းအတွေ့အကြုံများကို အခြေခံကာ ပြုပြင်မွမ်းမံမှုများပြုလုပ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အသုံးပြုသွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာဖြူဖြူအေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags