NOW LOADING

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲ၊ မြားပစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃) ကြိမ်မြောက် ဟန်ဒါဖလား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၀င်များအား လမ်းညွှန်အမှာစကား ပြောကြား

Dr.Mya Lay Sein, Vice Chairman of Myanmar Olympic Committee, Deputy Minister for Ministry of Health and Sports meets with members of Myanmar Archery Team undergoing a joint training for 2019 Asia Cup World Ranking Tournament Stage-3 , in order to participate in 3rd ISPS Handa Cup and gives necessary instructions

ရန်ကုန်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၇) ရက်

     ဖိလစ်ပိုင်နိုင်ငံ၊ Clark City မြို့တွင် စက်တင်ဘာ (၈) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ဂျပန်နိုင်ငံ အိုကာစကီမြို့တွင် စက်တင်ဘာ (၁၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ မြားပစ်အားကစားနည်း ပူးတွဲ လေ့ကျင့်မှုများပြုလုပ်ရန်နှင့် (၃) ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြ အားကစားသမားများအား လမ်းညွှန်အမှာစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့ နေ့လယ် (၁၂) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ၊ နည်းပြချုပ်/နည်းပြ အားကစားသမားများတက်ရောက်ကြသည်။

 

     ရှေးဦးစွာ ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာမြားပစ် အားကစားအဖွဲ့၀င်များက တစ်ဦးချင်း မိတ်ဆက်ဂါ၀ရပြုပြီး (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury)အဖြစ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးနှင့် အုပ်ချုပ်သူ/နည်းပြ ယာယီရဲမှူးသီသီ၀င်းတို့က ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ပူးတွဲလေ့ကျင့်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုရှင်းလင်းတင်ပြခဲ့ကြသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကြိုတင် ပြင်ဆင်ထားမှှနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု၊ တိုးတက်မှု အခြေအနေများကို သိလိုခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးနိုင်ရေး အတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားလုပ်သည့်နေရာတွင် ရူးသွပ်နေမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ ပစ်မှတ်အမှတ်များကိုရရှိထားသည့် စံချိန်ထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင် စေလို၍ မိမိတို့စိတ်နှင့်ပစ်သောလေ့ကျင့်ခန်းများ များများလုပ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် နေ့စဉ်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်ခင် (၂)နာရီအလို အစာကိုဖြည့်ဆည်းထားရမည်ဖြစ်ပြီး အစားအသောက် အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တစ်နေ့တာလေ့ကျင့်မှုနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ကစားရာတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့် ပူးတွဲလေ့ကျင့်ရာတွင် မိမိတို့နိုင်ငံနှင့် အကျိုးရှိမည့်လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် အနေအထိုင်/စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံ အားကစား တိုးတက်ရေးအတွက် လေ့လာမှတ်သားခဲ့ရန် လိုအပ်ပါကြောင်း လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးက သွားရောက်ယှဉ်ပြိုင်ကြမည့် ITO(Jury) အုပ်ချုပ်သူ၊ နည်းပြချုပ်/ နည်းပြ၊ အားကစားသမားများအား တစ်ဦးချင်း နှုတ်ဆက်အားပေးခဲ့သည်။

 

     အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့မြားပစ်အားကစားအဖွဲ့ချုပ်မှ (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီမှ ဖိတ်ကြားထားသည့် ITO (Jury) (၁)ဦး၊ အုပ်ချုပ်သူ(၁) ဦး နည်းပြချုပ်/နည်းပြ (၃)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၄)ဦး ၊အမျိုးသမီး (၃)ဦး အားကစားသမား (Compound) အမျိုးသား(၃)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း(၁၈)ဦးနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် သွားရောက်မည့် အုပ်ချုပ်သူ/နည်းပြ (၁)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးတို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

More Tags