NOW LOADING

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

ရန်ကုန်၊ အောက်တိုဘာလ (၃၁)ရက်

     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။

 

     အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာ၌ -

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် စံပြဆေးရုံကြီးတစ်ခု ဖြစ်စေရေးအတွက် တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းများကို (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလတွင် လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း၊

• မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့စဉ်ကတည်းက ပါဝင်ခွင့်ရရှိခဲ့ခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း၊

• ရှေးယခင်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် တစ်တိုင်းပြည်လုံးမှ အားကိုးအားထားပြုရသော ဆေးရုံကြီးအဖြစ် ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ပံ့ပိုးမှုများအားနည်းခဲ့ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အဆင့်အတန်းနိမ့်ကျခဲ့ရကြောင်း၊

• မိမိတို့အစိုးရသစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလမှစ၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊

 

• အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ကောင်းမွန်ပါက ပြည်သူများအနေဖြင့် ဆေးရုံများတွင် လာရောက်ကုသမှုခံယူရန် လိုအပ်ချက်နည်းပါးသွားမည်ဖြစ်ကြောင်း၊

• ထိုသို့ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူသူနည်းပါးလာခြင်းဖြင့် ဆေးရုံတက်လူနာ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ပြုစုကုသစောင့်ရှောက်မှုများ ပိုမိုတိကျ အဆင့်မြင့်ကာ ပိုမိုပြည့်စုံစွာဖြင့် ကုသမှု ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊

• လူတစ်ဦးတစ်ယောက်သည် ဆေးရုံမတက်ရောက် ရပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူများ နာမကျန်း ဖြစ်ပွားမှု နည်းပါးနိုင်သမျှနည်းပါးစေရန်နှင့် ဆေးရုံတက်ရောက်ရသည့် ကျန်းမာရေးအခြေအနေ အထိ မဖြစ်ပွားစေရန်အတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အခြေခံမှစ၍ ဂရုစိုက်ပြီး မီးမောင်းထိုးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊

 

• ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တာဝန်ရှိသူများ၊ ဆရာကြီးများနှင့်ဝိုင်းဝန်းပံ့ပိုးပေးခဲ့သည့် ပညာရှင်များ၏ စွမ်းဆောင်ချက်များကြောင့် လတ်တလော နှစ်ကာလများတွင် ပြည်သူများ အားကိုးအားထားအပြုရဆုံးဆေးရုံကြီးအဖြစ် ပြန်လည်ရောက်ရှိလာပြီဟု ဆိုနိုင်ကြောင်း၊

• သို့ရာတွင် လိုချင်သည့်အဆင့်အတန်းထိမရောက်ရှိသေးကြောင်းနှင့် အဘက်ဘက်မှပြန်လည် လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိသေးကြောင်း၊

• ဆေးရုံနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ သန့်ရှင်းသာယာလှပရေးအတွက် စာသင်ကျောင်များမှ စတင်၍ လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊

 

• ဆေးရုံဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် အဆောက်အဦးတစ်ခုချင်းသီးသန့်သာ ဆောင်ရွက်ရန်မဟုတ်ဘဲ အားလုံးကိုခြုံငုံသုံးသပ်ပြီး ရေရှည်တွင် မည်ကဲ့သို့တိုးတက်မှု ပုံစံမျိုး ရရှိလိုသည်ကို စဉ်းစားပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

• ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး၌သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အမြင်ဖြင့်အဘက်ဘက်မှစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံရေးလုပ်ငန်းများက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊

• အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရည်အသွေးနှင့် အဆင့်အတန်း ယခုထက်ပိုမို မြင့်မားတိုးတက်စေရန် အတွက် ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက-

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဌာနများတွင် ပြင်ပလူနာလာရောက်ပြသကုသမှု သည် (၂၀၁၃) ခုနှစ်တွင် (၂၄၅၇၉၀) ဦး ရှိခဲ့ပြီး (၂၀၁၇)ခုနှစ်တွင် (၄၄၀၂၃၁)ဦး ဖြင့် လူနာဦးရေ နှစ်ဆခန့် မြင့်မားလာပါကြောင်း၊

• (၂၀၁၇)ခုနှစ်တွင် အတွင်းလူနာ (၈၉၈၇၂)ဦး၊ ခွဲစိတ်ကုသလူနာ (၂၃၇၄၅)ဦး တက်ရောက် ကုသမှုခံယူခဲ့ပါကြောင်း၊

• ထို့အပြင် ဆေးရုံကြီး၏ အဆောက်အဦများ၊ ဌာနများမှာလည်း ယခင်တည်ဆောက်ခဲ့စဉ်က စနစ်ကျခြင်းမရှိမှုကြောင့် ဆက်စပ်အဆောက်အဦ/ ဌာနများ တစ်နေရာနှင့်တစ်နေရာ အလှမ်းဝေးနေပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း၊

 

• ထိုသို့များပြားသော လူနာများကို အရည်အသွေးပြည့်ဝစွာ ပြုစုကုသမှုပေးနိုင်ရန်နှင့် အဆောက်အဦများ၊ ဌာနများ စနစ်တကျတည်ဆောက် ထားရှိနိုင်ရန်အတွက် ဆေးရုံကြီးကို တိုးချဲ့မွမ်းမံ ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရခြင်း ဖြစ်ပါကြောင်း၊

• ထိုသို့ ဆောင်ရွက်ရာ၌ ချက်ချင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး အဆင့်လိုက် အပိုင်းလိုက် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ရေရှည်စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊

• ဆေးရုံပင်မအဆောက်အဦ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း၊ နိုင်ငံတကာမှ ပါရဂူများ/ ပါမောက္ခများက မြန်မာနိုင်ငံတွင် လာရောက်သင်ကြားလေ့ကျင့်ပေးခြင်း၊ ဒီဂျစ်တယ် စနစ်သုံး ဆေးမှတ်တမ်းစနစ် ပြုလုပ် ဆောင်ရွက်ခြင်းနှင့် ဆေးဘွဲ့ကြိုသင်တန်းများတွင် ဘာသာရပ်ပေါင်းစုံ ပေါင်းစပ်သင်ကြားခြင်း စသည့်လုပ်ငန်းများကိုလည်း Rangoon General Hospital Reinvigoration Charitable Trust (RGHR) အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ Rangoon General Hospital Reinvigoration Charitable Trust (RGHR) အဖွဲ့မှ Consultant Mr. Robin Cross က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေရှည်စီမံကိန်း အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေရှည်စီမံကိန်းဆိုင်ရာ အမျိုးသားအဆင့် စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊

     ရန်ကုန်ပြည်သူ့ဆေးရုံကြီးအထောက်အကူပြုအဖွဲ့၊ နာယက ဒေါက်တာတင်မျိုးဝင်းက ဆေးရုံကြီးအတွင်း စည်းကမ်းမဲ့ဝင်ရောက်ရောင်းချနေသော ဈေးသည်များ၊ စည်းကမ်းမဲ့ဝင်ရောက် ရပ်နားသော အဌားယာဉ်များနှင့် ပတ်သက်၍ အဆင်ပြေစွာ ဖြေရှင်းရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်းကိုလည်းကောင်း၊

 

     ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်မြင့်က ဆေးရုံကြီးရှိ ယခင်မူလ အဆောက်အဦများနှင့် အသစ်ထပ်မံတည်ဆောက်မည့် အဆောက်အဦများ သဟဇာတရှိစေရေးကို အလေးထားထည့်သွင်း ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊

     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံများနှင့် ကျန်းမာရေးဌာနများ ပြုပြင်မွမ်းမံထိန်းသိမ်းရာတွင် ဝန်ကြီးဌာနမှ အင်ဂျင်နီယာပညာရှင်များကို ပိုမိုတာဝန်ပေးအပ်ဆောင်ရွက်သင့်ကြောင်း ကိုလည်းကောင်း အသီးသီး အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ဌာနမှူးများကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ ကြကာ အကြံပြုချက်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

     အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအထောက်အကူပြုအဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ Rangoon General Hospital Reinvigoration Charitable Trust (RGHR) နှင့် Article 25 အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါသည်။

 

 

More Tags