ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး Video Conference အစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်

     အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat Office) မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော COVID-19 ရောဂါနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးသည့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး Video Conference အစည်းအဝေး” “Special Video Conference of ASEAN SOMHD (Senior Officials Meeting on Health Development) on Cooperation on COVID-19” ကို (၁၃-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁:၃၀) နာရီအချိန်မှ ည (၈:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ Health Emergency Operations Center မှတစ်ဆင့် ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါ Video Conference ၌ SOMHD ဉက္ကဌ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ သဘာပတိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင်-

• အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ COVID-19 ရောဂါနှင့် ပတ်သက်သည့် လက်ရှိအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာ နှီးနွှယ်မိတ်ဖက်အဖွဲ့အစည်းများမှ ရရှိလိုသည့် လိုအပ်ချက်များ၊ ခရီးသွားလာခြင်းအပေါ် ကန့်သတ်ခြင်း (Travel Restrictions) ဆောင်ရွက်ထားရှိမှု အခြေအနေများ စသည်တို့အား အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက် အလက်ဖလှယ်ခြင်း ဆောင်ရွက်ရန်၊

• ယခုကျင်းပပြုလုပ်ခဲ့သည့် Special Video Conference အစည်းအဝေးမှ ဆွေးနွေးချက်များပေါ် မူတည်၍ လိုအပ်သော ဆုံးဖြတ်ချက်များ ဝိုင်းဝန်းဆွေးနွေးပြီး ဆောင်ရွက်ကြရန်၊

• အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများအကြား Special Video Conference ကျင်းပမည့် အစီအစဉ်များကို ကြိုတင်ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခု Video Conference အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ Video Conference ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာတွင် -

• ကမ္ဘာတစ်ဝှမ်းတွင် COVID-19 နှင့် ပတ်သက်၍ ဖြစ်ပွား/သေဆုံးမှုအခြေအနေများ၊ • COVID-19 နှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် ရောဂါဖြစ်ပွား/သေဆုံးမှု အခြေအနေများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း၊ ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု၊ ဆေးနှင့်ဆေးပစ္စည်းလိုအပ်မှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊

 

• ပြည်သူလူထု လိုက်နာဆောင်ရွက်သင့်သည့် အချက်အလက်များ ထုတ်ပြန်ထားရှိမှု အခြေ အနေများ၊ • အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော ဝန်ထမ်းများအနေဖြင့် COVID-19 လူနာများအား စောင့်ကြပ်ကြည့်ရှုမှုပေးရာတွင် ရောဂါကူးစက်မှုအား တတ်နိုင်သမျှ လျှော့ချနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ထုတ်ပြန်ထားရှိမှု အခြေအနေများ၊

• အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုများလုပ်ငန်းများ လုပ်ဆောင်နေသည့် အခြေအနေများနှင့် ခရီးသွားလာခြင်းအပေါ် ကန့်သတ်ခြင်း (Travel Restrictions) ဆောင်ရွက်ထားရှိမှုအခြေအနေများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ COVID-19 ရောဂါအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC) နှင့် ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် အတွေ့အကြုံများ စသည်တို့ကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

     အဆိုပါ Video Conference သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ကုသရေးဉီးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags