NOW LOADING

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Hideo Watanabe နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ (၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Hideo Watanabe နှင့်အဖွဲ့က လာရောက်တွေ့ဆုံခဲ့မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၄)၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ရှေးဦးစွာ Mr. Hideo Watanabe မှဆွေးနွေးရာတွင် -

• ယမန်နှစ်အတွင်းက ဂျပန်နိုင်ငံမှ ခေတ်မီသွားစိုက်ကုသခုံ(Dental Chair) များအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ဂျပန်နိုင်ငံသံရုံးမှ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသို့ လှူဒါန်းခဲ့သည့်နည်းတူ ဆက်လက်၍ နောက်ဆုံးပေါ်သွားစိုက်ကုသခုံ (Dental Chair) များ လှူဒါန်းပေးအပ်သွားနိုင်ရေး ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊

• အဆင့်မြင့်နည်းပညာသုံး (Dental Chair) များထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီများမှလည်း မြန်မာနိုင်ငံတွင် ၎င်းတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပြပွဲတစ်ခုကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခွင့်ပြုပေးစေလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခဲ့ချိန်က ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဖြစ်သူကလည်း မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး လွန်စွာစိတ်အားထက်သန်လျက်ရှိပါကြောင်း၊

• အထူးသဖြင့် မြန်မာနိုင်ငံမှလူငယ်လူရွယ်များအား လေ့ကျင့်သင်ကြား၍ ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုများ ပေးအပ်လိုပါကြောင်း၊

 

• ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လက်တလောအလုပ်အကိုင်နေရာ (၃၀၀,၀၀၀) ခန့်လိုအပ်လျက်ရှိပါကြောင်း၊

• ဂျပန်နှင့် မြန်မာသည် ယဉ်ကျေးမှုချင်းနီးစပ်သူများဖြစ်သဖြင့် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် လာရောက်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း၊

• အားကစားကဏ္ဍနှင့်ပတ်သက်၍ Mr. Miyazawa ဦးဆောင်သော SEISA အဖွဲ့မှ မြန်မာ နိုင်ငံအားကစားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊

• (၂၀၂၀)ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုများရရှိနိုင်ရေးအတွက်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် -

• ဂျပန်နိုင်ငံမှလှူဒါန်းပေးအပ်ခဲ့သော သွားစိုက်ကုသခုံ (Dental Chair) များအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊

• Dental Chair များနှင့်ထုတ်ကုန်ပြပွဲအတွက် (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပမည့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များ အသင်း ညီလာခံနှင့် နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံတို့တွင် ပါဝင်ဆောင် ရွက်နိုင်ပါကြောင်း၊

• နှလုံး၊ ဦးနှောက်နှင့် အာရုံကြောရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်မြို့) တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းပေးအပ်ခဲ့မှုများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တင်ဒါခေါ်ယူမည့် လုပ်ငန်းများ မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများအားလည်း အထူးကျေးဇူးတင်ရှိပြီး ကျိုက္ကဆံအားကစားကွင်းကြီးအား ဂျပန်နိုင်ငံနှင့်ပူးပေါင်းအဆင်မြှင့် တင်ခြင်းလုပ်ငန်းများတွင်လည်း ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများစွာရှိပါ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊

• မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအား သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေး၍ ဂျပန်နိုင်ငံတွင်အလုပ်အကိုင်ရရှိနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနက ဂျပန်နိုင်ငံ Sakura ကုမ္ပဏီနှင့် ပူးပေါင်း၍ ရန်ကုန်ဆေးရုံဝင်းကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်းတွင် အဆိုပါအသက် မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပို့ချနိုင်ရန် ဂျပန်နိုင်ငံမှဆရာများနှင့် မြန်မာ ဆရာများက ဂျပန်နိုင်ငံမှသင်ရိုးညွှန်းတမ်းဖြင့် မကြာမီစတင်သင်ကြားပို့ချဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းကြီးမှလည်း ပံ့ပိုးဆောင် ရွက်မှုများ ပေးအပ်စေလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

 

     Mr. Hideo Watanabe မှလည်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုထက်ပိုမို ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

     အထက်ပါတွေ့ဆုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန) ဒေါက်တာတင်တင်လေးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags