NOW LOADING

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) နှင့် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနကြီး (Department for International Development, DFID) ၊ UK နိုင်ငံတို့မှတာဝန်ရှိ သူများအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ (၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) မှ Country Director ဖြစ်သူ Mr. Dom Scalpelli နှင့် UK နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနကြီး (Department for International Development, DFID) မှ အဖွဲ့ခေါင်းဆောင်နှင့်အာဟာရအကြံပေးဖြစ်သူ Dr. Joanne Raisin တို့ပါဝင်သောအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

     ထိုသို့လက်ခံတွေ့ဆုံရာ၌ လာရောက်တွေ့ဆုံသူများမှ ဆွေးနွေးရာတွင် လက်တလော မြန်မာနိုင်ငံအာဟာရဆိုင်ရာ အခြေအနေတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ချက်များ၊ ၂၀၁၈-ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သည့်အချက်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအာဟာရဖွံဖြိုးရေးလုပ်ငန်းများအတွက် အမျိုးသားအဆင့် အာဟာရဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (Nutrition Sector Co-ordination Group) အား ဖွဲ့စည်းထားရှိပြီးဖြစ်၍ လုပ်ငန်းများ ယခုထက်ပိုမို အရှိန်အဟုန်မြင့်တင်ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်း ပါဝင်သော Multi-sectoral National Plan of Action on Nutrition (MS-NPAN) 2018/19-2022/23 အား အကြမ်းအားဖြင့်ရေးဆွဲပြီးဖြစ်၍ အတည်ပြုချက်ရယူကာ ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် အလှူရှင်အဖွဲ့အစည်းများမှ ထပ်မံ၍ပံ့ပိုးပေးနိုင်မည့်အခြေအနေများအား တင်ပြဆွေးနွေးပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားရာတွင် -

- မြန်မာနိုင်ငံတစ်ဝှမ်းလုံး အာဟာရဖွံ့ဖြိုး ကျန်းမာသန်စွမ်းရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ပခုက္ကူမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမျိုးသားအဆင့်ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုများပေးအပ်ခဲ့ပါကြောင်း၊

- မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုပုံစံစစ်တမ်း(MMFCS) အားလည်း ဆောင် ရွက်ပြီးစီးပြီးဖြစ်၍ ယခုနှစ် ဒီဇင်ဘာလအတွင်း ရှေးဦးတွေ့ရှိချက်များကို စတင်ထုတ်ပြန်ပေး မည်ဖြစ်ပါကြောင်း၊

- ယခုရေးဆွဲတင်ပြလာသည့် Multi-sectoral National Plan of Action on Nutrition (MS-NPAN) 2018/19-2022/23 အားလည်း ချီးကျူးအသိအမှတ်ပြုပါကြောင်း၊

အမျိုးသားအဆင့် အာဟာရဆိုင်ရာပူးပေါင်းကော်မတီအား စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သော Multi-sectoral National Plan of Action on Nutrition (MS-NPAN) 2018/19-2022/23 အား အတည်ပြုချက်ရယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကိုပါဖိတ်ကြား၍ ယခုလအတွင်း ညှိနှိုင်းအစည်းအဝေးတစ်ရပ် အမြန်ခေါ်ယူ၍ အာဟာရမြှင့်တင်ရေးလုပ်ဆောင်ချက်များကို ပိုမိုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 


 

     တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာစန္ဒာ၊ ဒုတိယညွှန်ကြားရေးမှူး (အာဟာရ) ဒေါက်တာလွင်မာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags